တတိယအဆင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ စီစဉ်နိုင်ခဲ့တာကို သတိပြုမိတယ်လို့ ဘယ်လာယာရုစ်ပါတီဥက္ကဋ္ဌနဲ့ လေ့လာရေးအဖွဲ့ဝင်တွေပြော

(ပြည်တွင်း) ဇန်နဝါရီ ၂၇

“တတိယအဆင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ စီစဉ်နိုင်ခဲ့တာကို ကျွန်မတို့သတိပြုမိပါတယ်။ လုပ်ငန်းစဉ်အားလုံးဟာ ပွင့်လင်းမြင်သာမှုရှိပြီး ရွေးကောက်ပွဲမှာ ပြည်သူတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာတွေဖြန့်ဝေပြီးဖြစ်လို့ တက်ကြွစွာ ပါဝင်ခဲ့ကြတာကို တွေ့ရှိရပါတယ်” လို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို လာရောက်လေ့လာခဲ့တဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာယာရုစ်ပါတီဥက္ကဋ္ဌ Ms. Volha N.Chamadanova၊ ကပြောပါတယ်။

မဲရုံတွေရဲ့ ပြင်ဆင်မှု အဆင့်တိုင်းဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဥပဒေစံချိန်စံနှုန်းတွေနဲ့ ကိုက်ညီတာကိုတွေ့ရပါတယ်။ ကျွန်မတို့ရဲ့ ဘယ်လာရုစ် ကိုယ်စားလှယ်အဖွဲ့အပေါ် ယခုလိုအလေးအနက် ဖိတ်ကြားမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်လို့ သူမက ပြောပါတယ်။

ရွေးကောက်ပွဲ တတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်ထားမှုတွေနဲ့ ရွေးကောက်ပွဲနေ့အတွက် ပြင်ဆင်ထားမှုတွေဟာ အလွန်တရာစနစ်တကျရှိပြီး လုံခြုံမှုရှိခြင်းကို ကျွန်မတို့အနေနဲ့ ချီးကျူးဂုဏ်ပြုလိုပါတယ် လို့ သူကဆိုပါတယ်။

ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့တော် ကုန်သွယ်ရေးသမဂ္ဂ ဥက္ကဋ္ဌ၊ Mr. Sergei A. Shkrudnev၊ ကလည်း “ဘယ်လာရုစ်နိုင်ငံက လေ့လာစောင့်ကြည့်ရေးကိုယ်စားလှယ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ရွေးကောက်ပွဲတွေဟာ ငြိမ်းချမ်းစွာကျင်းပနေတာကို တွေ့ရှိရပါတယ်။

ဒီနေ့မဲရုံတွေဆီကို နိုင်ငံသားတွေဟာ သူတို့ရဲ့သားသမီးတွေနဲ့အတူ စိတ်အား ထက်သန်စွာနဲ့ လာရောက်ကြပြီး သူတို့နိုင်ငံအတွက်သာမက သူတို့မွေးရပ်မြေတစ်ခုလုံးရဲ့ အနာဂတ်အတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ဖို့ အသင့်ရှိနေတာကို တွေ့ရှိရပါတယ်” လို့ ပြောပါတယ်။

မဲရုံတွေမှာအရေးပါတဲ့ ပွင့်လင်းမြင်သာမှုရှိခြင်းကို တွေ့ရှိရပါတယ်။ ယနေ့ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေတဲ့ ပါတီတွေအပြင် ပြည်သူလူထုလည်းရှိနေတာကိုလည်း သတိပြုမိပါတယ်။ အရာအားလုံးဟာ ပွင့်လင်းမြင်သာပြီး ဥပဒေအတိုင်းလုပ်ဆောင်နေတာကို တွေ့ရှိရပါတယ် လို့လည်းပြောပါတယ်။

ဒီနေ့ စောင့်ကြည့်သူတွေအဖြစ် ဆောင်ရွက်နေတဲ့ ပါတီကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ အရ လက်ရှိအခြေအနေနဲ့ မဲပေးခြင်းတွေဟာ ဥပဒေချိုးဖောက်မှုမရှိဘဲ အစီအစဉ်တကျ လုပ်ဆောင်နေတာကိုလည်း သူတို့ပြောကြားချက်တွေအရ သိရှိရတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဒီနေ့အသုံးပြုနေတဲ့ မြန်မာအီလက် ထရောနစ်မဲပေးစက်စနစ်ဟာ ရွေးကောက်ပွဲ မသမာမှုတွေကို ကာကွယ်ပေးပြီး ရွေးကောက်ပွဲတွေကို တရားမျှတစွာကျင်းပနိုင်ဖို့များစွာ အထောက်အကူဖြစ်ကြောင်း သက်သေပြနေပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ပြည်သူတွေ၊ နိုင်ငံသားတွေဟာ ဒီအချက်ကိုသိရှိပြီး လာမယ့်ရွေးကောက်ပွဲတွေမှာ သူတို့ရဲ့ဆန္ဒကို ဘယ်သူမှနှောင့်ယှက်နိုင်မှာမဟုတ် ကြောင်း နားလည်ကြမယ်လို့ ယုံကြည်ပါတယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့က မြို့နယ်ပေါင်း ၆၁ မြို့နယ်မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ဘယ်လာရုနိုင်ငံက အဖွဲ့ဝင်ငါးဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့လာရောက်စောင့်ကြည့်လေ့လာခဲ့ကြတာဖြစ်ပါတယ်။