
(ပြည်တွင်း) ဇန်နဝါရီ ၂၇
မမှန်မကန်သော ရွေးကောက်ပွဲဆိုင်ရာပြုကျင့်မှုတွေ တစ်စုံတစ်ရာမျှ မတွေ့ခဲ့တာကို လေ့လာတွေ့ရှိခဲ့ရတယ်လို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကိုလာရောက်လေ့လာတဲ့ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မတီအဖွဲ့ဝင် H.E. Mr. YICH Samethy က ပြောပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၈ နာရီခန့်က ရန်ကုန်မြို့မှာရှိတဲ့ Park Royal ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က မြိုနယ်ပေါင်း ၆၁ မြိုနယ်မှာ ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို လာရောက်လေ့လာခဲ့ကြတဲ့ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေရဲ့ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြုအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ပြောကြားမှုတွေမှာတော့ “ကျွန်တော်တို့အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံကို ကိုယ်စားပြုပြီးတော့ လာရောက်တဲ့ ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်ကိုယ်စား မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေကျင်းပမှုကို လာရောက် လေ့လာခဲ့တာဆိုရင် ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရဲ့ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပထမအကြိမ် မဲပေးမှုကိုလည်း လာရောက်လေ့လာခဲ့ပါတယ်။ အဲဒီအချိန်မှာဆိုရင် ကျွန်တော်တို့အနေနဲ့ နေပြည်တော်မှာရှိတဲ့ မဲရုံ ၆ ရုံမှာ သွားရောက်လေ့လာခဲ့ပြီးတော့ အဲဒီအချိန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဥပဒေ၊ နည်းဥပဒေလုပ်ငန်းစဉ် များနှင့်အညီ ကောင်းမွန်မှန်ကန်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တယ်ဆိုတာကိုလည်း လေ့လာခဲ့ပါတယ်။
ကျွန်တော်တို့အနေနဲ့ အခုအခါမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာပြုလုပ်တဲ့ ဒုတိယအဆင့် ရွေးကောက်ပွဲလေ့လာမှုကို ကမ္ဘောဒီးယားနိုင်ငံအနေနဲ့လာရောက်လေ့လာခဲ့ခြင်းမရှိပေမယ့် မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ ကမ္ဘောဒီးယားနိုင်ငံသံရုံးက သံအမတ်ကြီးက သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း ကျွန်တော်တို့ကိုယ်တိုင် လာရောက်လေ့လာနိုင်ခြင်းမရှိပေမယ့် မမှန်မကန်သော ရွေးကောက်ပွဲဆိုင်ရာပြုကျင့်မှုများ တစ်စုံတစ်ရာမျှ မတွေ့ခဲ့တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။
ယခုပြုလုပ်ကျင်းပတဲ့ တတိယအဆင့် ရွေးကောက်ပွဲမှာဆိုရင် ကျွန်တော်တို့အနေနဲ့ ရန်ကုန်မှာရှိတဲ့ မဲရုံ ၆ ရုံမှာ မဲပေးမှုတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ လေ့လာတဲ့အခါမှာတော့ ကျွန်တော်တို့အနေနဲ့ အောက်ပါအချက် အလက်တွေကို တွေ့ရှိခဲ့ရပါတယ်။
ပထမဆုံးအနေနဲ့ မဲပေးမှုလုပ်ငန်းစဉ်တွေဟာ ငြိမ်းချမ်းတာကို တွေ့ရှိရပါတယ်။ ရွေးကောက်ပွဲ များကို ငြိမ်းချမ်းစွာကျင်းပနိုင်ခဲ့တာကို တွေ့ရှိရပြီး ပြည်သူလူထုက အားတက်သရောနဲ့ ပါဝင်မဲပေးခဲ့ တာကို တွေ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ ၎င်းတို့ ရဲ့မဲပေးပိုင်ခွင့်များကို အနှောင့်အယှက် တစ်စုံ တစ်ရာမရှိဘဲ ကြောက်ရွံ့မှု၊ ခြိမ်းခြောက်မှု တစ်စုံ တစ်ရာမရှိဘဲနဲ့ မဲပေးခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
ဒုတိယအနေနဲ့ကတော့ ကျွန်တော်တို့မဲရုံ ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ မဲရုံဝန်ထမ်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မဲပေးခြင်း၊ မဲရေတွက်ခြင်းတွေကို ပြုလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ သမာသမတ်ကျမှုတွေကို ဖော်ဆောင်နိုင်ခဲ့တာကို ကျွန်တော်တို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။
တတိယအနေနဲ့ကတော့ ပွင့်လင်းမြင်သာမှုရှိတာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ခုလုံးဟာ ပွင့်လင်းမြင်သာမှုရှိပြီးတော့ ပြည့်စုံပြီး ရှင်းလင်းတဲ့လုပ်ငန်းစဉ်အနေနဲ့ ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် မဲပေးခြင်းနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်တွေမှာဆိုရင် ရွေးကောက်ပွဲနှင့်သက်ဆိုင်တဲ့ Stakeholder တွေ အားလုံး၊ အထူးသဖြင့် နိုင်ငံရေးပါတီများ၊ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများ၊ မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာကို တွေ့ရှိရတဲ့အတွက် အလွန်ကိုပွင့်လင်းမြင်သာမှုရှိတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။
စတုတ္ထအချက်အနေနဲ့ကတော့ မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုရာမှာ အလွန်ကို ပြီးပြည့်စုံပြီးမဲပေးခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်းစဉ်ကို ယခင်ကထက် ပိုမိုလျင်မြန်စေပြီး ပြည့်စုံမှန်ကန်တဲ့ ရလဒ်တွေကို ဖြစ်ပေါ်စေတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်ခင်ဗျာ။ အထူးအနေနဲ့ မြန်မာနိုင်ငံက မဲဆန္ဒရှင်တွေက ဒီစက်ကိုအသုံးပြုတာ ပထမဆုံးဖြစ်ပေမယ့်လည်း မဲပေးစက်နှင့် ပတ်သက်ပြီးတော့ သူတို့အနေနဲ့ကောင်းမွန်စွာ ဘယ်လိုအသုံးပြုရမလဲဆိုတာကိုသိရှိပြီး ဖြစ်တာ ကိုလည်း ကျွန်တော်တို့အနေနဲ့ လေ့လာတွေ့ရှိခဲ့ ရပါတယ်။
နောက်တစ်ချက်အနေနဲ့ကတော့ လုံခြုံရေးဆောင်ရွက်ထားမှုတွေပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမှုနှင့် ပတ်သက်ပြီးတော့ ပြည့်စုံကောင်းမွန် တဲ့လုံခြုံရေး ဆောင်ရွက်ထားမှုတွေကိုတွေ့ရှိရပြီး အဲဒီအတွက်ကြောင့်မို့လို့ မဲဆန္ဒရှင်တွေ၊ မဲရုံတာဝန် ထမ်းဆောင်သူတွေနဲ့ အခြားသက်ဆိုင်တဲ့ Stakeholders အားလုံးဟာ လုံခြုံစိတ်ချစွာနဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့တာကို ကျွန်တော်တို့ တွေ့ရှိခဲ့ရပါတယ်။
ောက်ဆုံးအချက်အနေနဲ့ ရွေးကောက်ပွဲလေ့လာတဲ့ mission တစ်လျှောက်လုံးမှာဆိုရင် မဲပေးမှုဆိုင်ရာ မသမာမှုတစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ရဘူးဆိုတာကို ပြောကြားလိုပါတယ်။ အဆွေတော်တိုခင်ဗျာ ကျွန်တော်တိုအနေနဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲတွေကို လာရောက်လေ့လာ တဲ့အချိန်မှာဆိုရင် ရွေးကောက်ပွဲတွေဟာ တရား ဥပဒေနဲ့အညီ ကျင်းပခဲ့တာကို တွေ့ရှိရပြီးတော့ ကျွန်တော်တိုလေ့လာတဲ့ ယခုအပိုင်း (၃) မှာဆိုရင် အပိုင်း (၁) နဲ့ အပိုင်း (၂) မှာလိုပဲ လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို တွေ့ရှိရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။