ကမ္ဘောဒီးယားနိုင်ငံကအွန်လိုင်းလိမ်လည်လောင်းကစားမှုတွေမှာ ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားတွေကို ပထမအကြိမ်ပြန်လည်ခေါ်ဆောင်

(ပြည်တွင်း) ဇန်နဝါရီ ၂၄

ကမ္ဘောဒီးယားနိုင်ငံက မြန်မာသံရုံးကို ကိုယ့်အစီစဥ်နဲ့ကိုယ်ရောက်လာကြတဲ့ ကမ္ဘောဒီးယားနိုင်ငံအတွင်းက အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ခဲ့သူတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေက လွှဲပြောင်းပေးအပ်သူတွေထဲက ၁၃၆ ဦးကို မြန်မာပြည်တွင်းကို ပထမအသုတ်အနေနဲ့ ပြန်လည်ဆောင်လာတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးကို ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ ၆၇၅ ဦး ရောက်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပထမအသုတ်အဖြစ် နိုင်ငံသား ၁၃၆ ဦးကို မြန်မာ့လေကြောင်းလိုင်း (MAI)နဲ့ ပြည်တွင်းကို ပြန်လည်ခေါ်ဆောင်လာရာမှာဇန်နဝါရီ ၂၃ ရက်နေ့  မနက်အစောပိုင်းက မန္တလေးမြို့
အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာ
တာဝန်ရှိသူတွေက လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်ကောက်ယူတာတွေ လိုအပ်တဲ့စစ်ဆေးမှုတွေ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ကျန်ရှိတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း အမြန်ဆုံးပြန်လည် ခေါ်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

#PAN