(ပြည်တွင်း) ဇန်နဝါရီ ၂၄
( ၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်မှာရှိတဲ့ အမျိုးသားဇာတ်ရုံမှာကျင်းပမယ်လို့ သိရပါတယ်။

ပထမ ဟံသာဝတီနေပြည်တော်ကို စတင်တည်ထောင်တဲ့ တပို့တွဲ့လပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၂ ရက်မှာကျင်းပမှာဖြစ်တယ်လို့ မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး)ထံက သိရပါတယ်။
မွန်အမျိုးသားနေ့ကို မွန်လူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖွံ့ဖြိုး တိုးတက်စေဖို့ မွန်အမျိုးသားတို့ရဲ့ ဇာတိသွေး၊ ဇာတိမာန် ရှင်သန်နိုးကြားဖို့ မွန်စာပေ၊ ယဉ်ကျေးမှုကို ဖော်ထုတ် မြှင့်တင်လိုစိတ်၊ တိုးတက်လိုစိတ်ရှိစေဖို့ ရည်ရွယ်ပြီး ကျင်းပတာ့ဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်း ၈ နာရီမှာ အလံတင်အခမ်းအနားကို ကျင်းပမှာဖြစ်ပြီး နံနက် ၁၀ နာရီမှာတော့ မွန်စာပေနှင့် ယဉ်ကျေးမှုအသင်းကကျင်းပတဲ့ မွန်စာပေနှင့် မွန်ရိုးရာ အဆို၊ အက၊ အတီးပြိုင်ပွဲတွေမှာ ဆုရရှိသူတွေကို ဆုတွေချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
မွန်အမျိုးသားနေ့အခမ်းအနားကို မွန်လူမျိုးတွေ အများအပြားနေထိုင်ရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ပြည်ပနိုင်ငံတွေမှာရောက်ရှိနေတဲ့ မွန်လူမျိုးလည်း ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။