


(ပြည်တွင်း) ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့မှာရှိတဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရဲ့ ပစ္စည်းလေးပါးကုသိုလ်ရှင်အဖြစ် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်မိသားစုက အလှူငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မဟာဂန္ဓာရုံကျောင်းတိုက်မှာရှိတဲ့ သံဃာတော် အရှင်သူမြတ်တွေရဲ့ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပညာရေး အစရှိတဲ့ လိုအပ်ရာရာ အသုံးပြုနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုက လှူဒါန်းတာလို့ မိသားစုနဲ့နီးစပ်တဲ့ ရွှေပြည်တော်သို့ဆုံမှတ်အသင်းအတွင်းရေးမှူးထံက သိရပါတယ်။
နိုင်ငံတော်သမ္မတ(ငြိမ်း) အနေနဲ့ ဝါတွင်းတွေမှာ ပုံမှန် တစ်နှစ်တစ်ကြိမ် ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားလှယ်လွှတ်ကာ မိသားစုအလှူအဖြစ် ဆွမ်းဆက်ကပ်လှူဒါန်းလေ့ရှိတယ်လို့လည်း အသင်းအတွင်းရေးမှူး ဦးအောင်ပိုင်မင်းက ပြောပါတယ်။
ဒီနှစ်မှာတော့ ပုံမှန်ပြုလုပ်နေကြ မိသားစုအလှူအဖြစ် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့မှာရှိတဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရဲ့ ပစ္စည်းလေးပါးအလှူအဖြစ် အလှူငွေကျပ် သိန်း ၁၀၀၀ ကို ကိုယ်စားလှယ်လွှတ်ကာ လှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။