မန်းရွှေစက်တော်ဘုရားပွဲကာလ မန်းချောင်းအပန်းဖြေဆင်စခန်းမှာ ဆင်ပြတိုက် ဖွင့်လှစ်ပြသမယ်

(ပြည်တွင်း) ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်မှာရှိတဲ့ မန်းရွှေစက်တော်ဘုရားကြီး ဘုရားပွဲကာလအတွင်း ဘုရားကြီးအနီးမှာရှိတဲ့ ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းမှာ ဆင်ပြတိုက် (Elephant Museum) ကို ဖွင့်လှစ်ပေးသွားမယ်လို့ ဆင်စခန်းဆီက သိရပါတယ်။

ဆင်ပြတိုက် (Elephant Museum) မှာ အများပြည်သူ ဗဟုသုတရရှိနိုင်မယ့် ဆင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရုပ်လုံးသွင်း ဆင်ရုပ်ထုနဲ့ ဆင်အသုံးအဆောင်ပစ္စညတွေကို ခင်းကျင်းပြသပေးသွားမှဖြစ်တယ်လို့လည်း သိရပါတယ်။

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်းမှာ သဘာဝတောတောင်ရေမြေနဲ့ စိမ်းစိုသာယာလှပတဲ့ သဘာဝရှုခင်းအလတွေကို အခြေခံကာ မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းက ပြည်တွင်း/ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်စေဖို့၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်စေဖို့နဲ့ အစိမ်းရောင်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ဖွင့်လှစ်ထားတနာဖြစ်တယ်လို့လည်း သိရပါတယ်။

ယခုနှစ် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဇန်နဝါရီလ ၂၂ ရက်ကနေ ဧပြီလ ၁၇ ရက် နေ့အထိ (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ) ရက်ပေါင်း (၈၆)ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆင်စခန်းမှာ လာရောက်အပန်းဖြေအနားယူ လည်ပတ်တဲ့သူတွေအနေနဲ့ ခရီးတို ဆင်စီးပြီး တောတောင်ရေမြေနဲ့ စိမ်းစိုသာယာလှပတဲ့ သဘာဝရှုခင်းအလှတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်သလို မန်းချောင်းဘေးမှာ ဆင်တွေနဲ့အတူ ရေချိုးရင်း အပန်းဖြေအနားယူနိုင်မယ့် ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးမယ်လို့လည်း သိရပါတယ်။

ဒီနှစ်မှာတော့ ဆင်သရုပ်ပြပွဲ (Elephant Show)အဖြစ် ဆင်လိမ်မာကလေးတွေနဲ့အတူ ထူးခြားတဲ့ ဧည့်ခံဖျော်‌ဖြေတင်ဆက်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အပြင် ဆင်စခန်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် အထူးခြားတဲ့အစီအစဉ်တစ်ခုအနေနဲ့ ဆင်ပြတိုက် (Elephant Museum) ကို ဖွင့်လှစ်ကာ အများပြည်သူ ဗဟုသုတသိမှတ်ဖွယ်ရာတွေ ရရှိနိုင်မယ့် ဆင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ပြကွက်တွေအပြင် ရုပ်လုံးသွင်း ဆင်ရုပ်ထုနဲ့ ဆင် အသုံးအဆောင်ပစ္စညတွေကို ခင်းကျင်းပြသပေးသွားမှာဖြစ်တယ်လို့လည်း ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတာဝန်ရှိသူရဲ့ပြောဆိုချက်အရ သိရပါတယ်။

အဆိုပါဆင်စခန်းကို နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာချိန်ထိ ဖွင့်လှစ်မှာဖြစ်ပြီး ဆင်စခန်းက တည်းခိုဆောင်တွေမှာလည်း ညအိပ်တည်းခိုနားနေနိုင်မယ့်အပြင်၊ ဆင်စခန်းမှာ ဆင်ထီး (၅)ကောင်၊ ဆင်မ(၈)ကောင်၊ စုစုပေါင်း ဆင်(၁၃)ကောင်ရှိပြီး ပြည်တွင်း ခရီးသွားတစ်ဦးကို ဆင်စခန်းဝင်ကြေးအဖြစ် ၁၀၀၀ ကျပ်နဲ့ ခရီးတိုဆင်စီးခ ၅၀၀၀ ကျပ်နှုန်း၊ ပြည်ပ နိုင်ငံခြားသားတစ်ဦးကို ဝင်ကြေး ၁၀၀၀၀ ကျပ်နဲ့ ခရီးတိုဆင်စီးခ ၁၀၀၀၀ ကျပ်နှုန်းကောက်ခံသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တည်းခိုဆောင်အနေနဲ့ VIP တည်းခိုဆောင် (၄) လုံးနဲ့ ဘန်ဂလို (၁၁) လုံးရှိပြီး ဘန်ဂလိုတည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်ကို ငှားရမ်းခ ၄၀၀၀၀ ကျပ်နှုန်းကျသင့်မှာဖြစ်ပြီး VIP တည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်ကို ငှားရမ်းခ ၇၀၀၀၀ ကျပ်နှုန်း အသီးသီးသတ်မှတ်ထားတဲ့အပြင် ဆင်စာဘူဖေးကို မိမိတို့ တတ်နိုင်တဲ့နှုန်းထားနဲ့ ဆင်စာတေါ ဝယ်ယူကျွေးမွေးလှူုဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။

အဆိုပါဆင်ပြတိုက်(Elephant Museum)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုရန်ပုံငွေနဲ့ ပေ(၅၀ x ၃၀)အရွယ်အစားရှိ RC တစ်ထပ်ဆောင်ကို ဆောက်လုပ်ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ဆင်ပြတိုက်ထဲမှာ ဆင်ကျောက်ဖြစ်ရုပ်ကြွင်းတွေ ဆင်စွယ်တပ်ဆင်ထားတဲ့ ဆင်အမျိုးအစားခွဲခြားတဲ့ ဆင်ခေါင်းရုပ်ထုတွေ ဆင်တွေတပ်ဆင်အသုံးပြုတဲ့ အသုံးဆောင်ပစ္စည်တွေ၊ ဆင်ဖမ်းနည်းသရုပ်ပြကွက်၊ တရားမဝင်ရောင်းဝယ်ခွင့်မပြုတဲ့ ဆင်စွယ်တွေနဲ့ ပြုလုပ်ထားတဲ့ မြန်မာ့အနုပညာလက်ရာပစ္စည်းတွေ၊ တောဆင်တွေတွင် တပ်ဆင်တဲ့ ခြေရာခံလည်ပတ် (Radio Collar) နဲ့ ကင်မရာထောင်ချောက်၊ ဆင်ရုပ်လုံးသွင်းရုပ်ထုစတဲ့ ဆင်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ခင်းကျင်းပြသပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။