
(နိုင်ငံတကာ) ဇန်နဝါရီ ၆
မလေးရှားနိုင်ငံအနေဖြင့် အစိုးရစနစ်ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ယခုနှစ်နှင့် လာမည့်နှစ် များအတွင်း အကောင်အထည်ဖော်မည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ဇန်နဝါရီလ ၅ ရက်တွင် ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ကြေညာ ခဲ့သော အစိုးရစနစ်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များထဲတွင် ဝန်ကြီးချုပ်များ၏ ရာထူးသက်တမ်းကို အများဆုံး ၁၀ နှစ်ထိသာ သတ်မှတ်ရေးလည်းပါဝင်သည်။
မိမိတို့အနေဖြင့် ဝန်ကြီးချုပ်များ၏ရာထူးသက်တမ်းကို အများဆုံး ၁၀ နှစ် သတ်မှတ်ရေးဥပဒေကြမ်းအား လွှတ်တော်သို့တင်သွင်းမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားထားသည်။
မလေးရှားဝန်ကြီးချုပ်များ၏ ရာထူးသက်တမ်းကို ၁၀ နှစ်ထိသာ သတ်မှတ်ရေးသည် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ဦးဆောင်သော ညွန့်ပေါင်းအုပ်စု၏ ၂၀၂၂ ခုနှစ်ရွေးကောက်ပွဲ ကတိကဝတ်များထဲတွင် ပါဝင်သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက် ရေး ကတိကဝတ်များဖြင့် အနိုင်ရခဲ့သူ ဖြစ်သည်။
သို့ရာတွင် လက်ရှိတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာနေမှုကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရကြောင်း ဆင်ဟွာ သတင်းဌာနမှ သိရသည်။