
(ပြည်တွင်း) ဒီဇင်ဘာ ၂၂
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော်ကိုယ်စားလှဘ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် နေပြည်တော်ဇေယျာသီရိမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၈၇၀၀၀ ကျော်ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။
ဒီဇင်ဘာလ(၂၈)ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ(အပိုင်း ၁) မှာပါဝင်တဲ့ ဇေယျာသီရိမြို့နယ်အတွင်းမှာ မဲရုံစုစုပေါင်း(၆၈)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ(၈၇,၇၂၁) ဦး ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကပြောပါတယ်။
မဲရုံ ၆၈ ရုံမှာ တပ်မဲရုံက ၁၈ ရုံပါဝင်တယ်လို့သိရပြီး ရပ်ကွက်နဲ့ကျေးရွာအုပ်စုရဲ့မဲရုံက ၅၀ ရှိပြီး အဲ့ဒီထဲမှာမှ ရပ်ကွက်မဲရုံ ၄ ရုံနဲ့ ကျေးရွာအုပ်စုမဲရုံ ၄၆ ရုံ ပါဝင်တယ်လို့လည်း သိရပါတယ်။
မဲရုံ ၆၈ ရုံမှာတာဝန်ထမ်းဆောင်ကြမယ့် မဲရုံမှူးတွေကိုလည်း နိုဝင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ မဲရုံမှူးသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးခဲ့ဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းသားကျောင်းသူ ၄၀၀ ရဲ့ ကြိုတင်မဲတွေကိုလည်း နိုဝင်ဘာ ၁၇ ရက်နေ့က ၂၁ ရက်နေ့အထိ ကြိုတင်မဲကောက်ယူခဲ့တယ်လို့ သိရပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဇေယျာသီရိမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲပေးမှုအနေနဲ့ ၆၈၄ ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။