ပြင်ဦးလွင်မြို့နယ်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သို့သယ်ဆောင်မည့် ငွေကျပ် ၁၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈၅ သိန်းကျော် ဖမ်းဆီးရမိ

(မှုခင်း) ဒီဇင်ဘာ ၁၀

မန္တလေးတိုင်း‌ဒသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအနီး၌ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သို့သယ်ဆောင်မည့် ငွေကျပ် ၁၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈၅ သိန်းကျော်ခန့်အား ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအနီး၌ ဝေလင်းထွန်း မောင်းနှင်ပြီး အောင်သူဖြိုးနှင့် ပြည့်ဖြိုးဟိန်း(ခ)ဖက်တီးတို့ လိုက်ပါလာသော ALPHARD မော်တော်ယာဉ် အား သက်ဆိုင်ရာ တာဝန်ရှိသူများမှသတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၂၃ ဒသမ ၉ သိန်းအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၉ နာရီခွဲအချိန် ပြင်ဦးလွင်မြို့နယ်၊ ခြေမြစ်ပင်ကျေးရွာအနီး ချုံ အတွင်းမှဆာလာအိတ်များဖြင့်ထည့်ထားသည့်စိတ်ကြွဆေးပြား ၆၂ သိန်း ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် စုစုပေါင်းစိတ်ကြွဆေးပြား ၈၅ ဒသမ ၉ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၈၈၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်မိုးထွန်းအား ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ပန်းတောင်း မြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်ရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူပူးပေါင်းပါဝင်သူများမှာ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နေ ကျော်ကျော်(ဖမ်းဆီးရန် ကျန်)၊ ဟိန်းစည်သူ (ဖမ်းဆီးရန်ကျန်)နှင့် ရွှေတောင်မြို့နေ ကျော်မောင်မောင်လှိုင်(ခ)ကိုချို (ဖမ်းဆီးရန်ကျန်)တို့ဖြစ်ပြီးရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းရရှိသည်။

PAN