
(နိုင်ငံတကာ) နိုဝင်ဘာ ၂၃
အမေရိကန်အစိုးရက အဆိုပြုထားသည့် ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်သည် ယူကရိန်းပဋိပက္ခ၏ အဖြေအတွက် အခြေခံဖြစ်လာနိုင်ကြောင်း ရုရှားသမ္မတ ပူတင် က နိုဝင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြခဲ့သည်။
ရုရှားအမျိုးသား လုံခြုံရေးကောင်စီအစည်းအဝေး၌ သမ္မတ ပူတင် က အမေရိကန် အစိုးရအဆိုပြုထားသည့် ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်၍ ထိုကဲ့သို့သုံးသပ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်အစိုးရ၏ ငြိမ်းချမ်းရေး အစီအစဉ်သည် ယူကရိန်းပဋိပက္ခ၏ အပြီးသတ်အဖြေကို ငြိမ်းချမ်းစွာရှာဖွေရေးအတွက် အခြေခံဖြစ်လာနိုင်မည်ဟု မိမိမျှော်လင့်ထားကြောင်း သမ္မတ ပူတင် က ထုတ်ဖော်ပြောကြားခဲ့သည်။
သို့ရာတွင် အဆိုပါငြိမ်းချမ်းရေး အစီအစဉ်ကို ယူကရိန်းအစိုးရက ပယ်ချခဲ့ပါက ရုရှားတပ်များအနေဖြင့် ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း သမ္မတ ပူတင် က သတိပေးပြောကြားထားသည်။
အမေရိကန်အစိုးရ၏ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်တွင် ရုရှားနိုင်ငံ၏ အဓိကတောင်းဆိုချက်များကို လက်ခံပေးထားသည်။
အဆိုပါ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်၍ အကြောင်းပြန်ရန် ယူကရိန်း အစိုးရကို ဒီဇင်ဘာလ ၂၇ ရက်ထိ အချိန်ပေးထားသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ကြောင်း သိရသည်။