2025Election23Nov
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကံကြမ္မာအလှည့်အပြောင်းမှာ ကျွန်တော်တို့ ချင်းပြည်နယ်ဟာလည်း မပျက်စီးသင့်တာတွေ ပျက်စီးရပြီ။ မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးခဲ့ရတယ်။ မချမ်းသာပေမယ့် ပျော်ရွှင် အေးချမ်းတဲ့ ချင်းပြည်နယ်၊ မဖွံ့ဖြိုးပေမယ့် တည်ငြိမ်တဲ့ချင်းပြည်နယ်ဟာ ယခုအချိန်မှာ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို အလူးအလဲခံနေရတာ မဲဆန္ဒရှင်များ အသိပဲဖြစ်ပါတယ်” လို့ ချင်းပြည်သစ်ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးစိုးထက်(ခ)ဆလိုင်းမဲလု ကပြောပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့က နိုင်ငံပိုင်မီဒီယာကနေ ချင်းပြည်သစ်ကွန်ဂရက်ပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဥ်တွေကို ဟောပြောရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
မြို့ရွာတွေပျက်စီးသွားပြီး အပြစ်မဲ့ပြည်သူတွေပါ အသက်နဲ့ခန္ဓာ ဆုံးရှုံးခဲ့ကြရသလို ကိုယ့်ရပ် ကိုယ့်ရွာ၊ ကိုယ့်အိမ်၊ ကိုယ့်ခြံကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ စွန့်လွှတ်ခဲ့တဲ့အပြင် အရပ်တစ်ပါးမှာ အနေ၊ အစား၊ ကျပ်တည်းရ ရုံးတွေပိတ်၊ ကျောင်းတွေပိတ်ကလို့ လူသားအရင်း အမြစ်တွေ များစွာဆုံးရှုံးခဲ့ရတယ်လို့ သူကဆိုပါတယ်။
“ပညာသင်ယူနေဆဲ သားသမီးတွေ ပညာရေးနှင့် အဆက်ပြတ်တောက်သွားခဲ့ရတယ်။ ကိုယ့်ရပ်၊ ကိုယ့်ရွာ ကိုယ့်အိမ်၊ ကိုယ့်ခြံမှာ ကြိတ်မှိတ်ဖက်တွယ်သူများမှာလည်း စားဝတ်နေရေး၊ အသက်အန္တရာယ် လုံခြုံရေးအာမခံချက်မရှိဘဲ ကျီးလန့်စာစား ဘဝရောက်နေကြရပါတယ်” လို့လည်း သူကထည့်သွင်းပြောဆိုထားပါတယ်။
ပြည်သူတွေလိုချင်တာက “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး” ပဲ ဖြစ်လို့ ဒီအတိုင်းသာ ညီအစ်ကိုအချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြရင် ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံတဲ့ ပြည်ထောင်စုလည်းပေါ်ပေါက်လာနိုင်မှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။
ချင်းပြည်သစ်ကွန်ဂရက်ပါတီအနေနဲ့ ပဋိပက္ခတိုင်းကို ငြိမ်းချမ်းစွာစားပွဲပေါ်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းလမ်းထက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းမရှိဘူးဆိုတာ အခိုင်အမာယုံကြည်တာကြောင့် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်ရတာလို့လည်း ပြောပါတယ်။
ချင်းပြည် သစ်ကွန်ဂရက်ပါတီအနေနဲ့ ငြိမ်းချမ်းရေးစားပွဲပေါ်မှာ ပြည်သူအတွက် မားမားမတ်မတ် ရဲရဲဝံ့ဝံ့ရပ်တည်သွားပါမယ်လို့ ကတိထာယပါတယ်။
#PAN