(နိုင်ငံတကာ) နိုဝင်ဘာ ၁၈
စင်ကာပူနိုင်ငံတရားလွှတ်တော်ရဲ့ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၁၃ ရက်မှ ၁၅ ရက်ထိ ကျင်းပခဲ့တဲ့ (၁၂)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအဝေးကို ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအစည်းအဝေးမှာ အာဆီယံတရားရေးပေါ်တယ်လုပ်ငန်းအဖွဲ့၊ တရားမမှုခင်းများဆိုင်ရာလုပ်ငန်းအဖွဲ့၊ မှုခင်းစီမံခန့်ခွဲမှုနဲ့ တရားရုံးနည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ နိုင်ငံဖြတ်ကျော်ဖြစ်ပွားတဲ့ မိသားစုမှုခင်းဆိုင်ရာစတဲ့ ဆောင်ရွက်ပြီးလုပ်ငန်းတွေနဲ့ အဆိုပြုချက်တွေ အစီရင်ခံစာတွေကို ကောင်စီကို တင်ပြချက်ရယူခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတရားစီရင်ရေးနဲ့ သက်ဆိုင်တဲ့အကြောင်းရာတွေကို ပါဝင်ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီနောက် (၁၂) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းအဝေးရလဒ်ဖြစ်တဲ့ စင်ကာပူ ကြေညာစာတမ်းကို အာဆီယံနိုင်ငံတွေက တရားသူကြီးချုပ်တွေနဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အားလုံးက ပါဝင်လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
ကောင်စီအစည်းအဝေးနဲ့အတူ ပူးတွဲကျင်းပတဲ့ ဆွေးနွေးပွဲနဲ့ အစည်းအဝေးတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုများဆိုင်ရာဆွေးနွေးပွဲ၊ လူမွဲခံယူခြင်းဆိုင်ရာ အာဆီယံတရားသူကြီးများအစည်းအဝေး၊ အာဆီယံဒေသ တွင်း နိုင်ငံဖြတ်ကျော် ဥပဒေကျင့်သုံးမှုဆိုင်ရာဆွေးနွေးပွဲနဲ့အသိညဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံအနေနဲ့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေး ကို ၂၀၁၃ ခုနှစ်ကစကာ နှစ်စဉ်ကျင်းပနေပြီး အာဆီယံနိုင်ငံတွေက တရားသူကြီးချုပ်တွေနဲ့ တရားစီရင်ရေးဆိုင်ရာအကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။
#PAN