မဲဆန္ဒနယ်ပြင်ပမှာ သွားရောက်ကျောင်းတက်ကြမယ့် မြိတ်က တက္ကသိုလ်ကျောင်းသား/ ကျောင်းသူတွေ ကြိုတင်ဆန္ဒမဲပေးပြီ

(ပြည်တွင်း) နိုဝင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းမှာ နေထိုင်ကြပြီး မဲဆန္ဒနယ်ပြင်ပကိုသွားရောက်ကျောင်းတက်ကြမယ့် တက္ကသိုလ်ကျောင်းသား/ ကျောင်းသူတွေ ကြိုတင်မဲပေးနေပြီလို့ သိရပါတယ်။

ကျောင်းသူ ကျောင်းသားတွေဟာ မိမိတို့ရဲ့ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ဒီနေ့မနက်ပိုင်းကစတင်ကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က စုပေါင်းရုံးခန်းမမှာ ကြိုတင်ဆန္ဒမဲပေးခဲ့ကြတယ်လို့ သိရပါတယ်။

တက္ကသိုလ်၊ ကောလိပ်ကျောင်းအသီးသီးကို သွားရောက်ပညာဆည်းပူးကြမယ့် ကျောင်းသားတွေ ကြိုတင်မဲပေးနိုင်ရေးအတွက် ဒီ​နေ့ မနက်ပိုင်းကစတင် ဆောင်ရွက်နေပြီး  သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်တွေကိုဖိတ်ကြားပြီး ကြိုတင်မဲပေးတာတွေ ဆောင်ရွက်တာဖြစ်ပါတယ်လို့ မြို့နယ်ရွေးကော်ပွဲကော်မရှင်ကပြောဆိုထားပါတယ်။

တက္ကသိုလ်ကျောင်းသား/ ကျောင်းသူတွေ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၇ ရက်ကနေ ၂၁ ရက်အထိ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

တက္ကသိုလ်ကျောင်းသား/ ကျောင်းသူတွေ ကြိုတင်ဆန္ဒမဲမေးရာမှာ ကျောင်းဝင်ခွင့် အထောက်အထားတို့ကို ပြသကာ ကြိုတင်ဆန္ဒမဲလက်မှတ်တွေ ထုတ်ယူပြီး လျှို့ဝှက်ဆန္ဒပြုခန်းမှာ မိမိကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို ဆန္ဒပြုခဲ့ကြတယ်လို့ သိရပါတယ်။

မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား/ ကျောင်းသူ​တွေ အနက် ရွေးကောက်ပွဲ စတင်ကျင်းပမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ အသက်(၁၈)နှစ်ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ​တွေ ဖြစ်ပါက မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ကျောင်းတွေကို မသွားရောက်မီ မိမိတို့ရဲ့ မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မိမိတို့ကိုင်ဆောင်တဲ့ နိုင်ငံသားစိစစ်ရေးကတ်နဲ့ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေက ထုတ်ပေးတဲ့ ကျောင်းသားစိစစ်ရေးကတ် ဒါမှမဟုတ် ကျောင်းဝင်ခွင့် အထောက်အထားတို့ကို ပြသပြီး ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားပါတယ်။