(ပြည်တွင်း) နိုဝင်ဘာ ၁၃
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှုတွေ ရိုက်ကူးရာမှာ “မိတ်ကပ်နဲ့ အဝတ်အစား အပြင်အဆင်မရှိပဲ ဖြစ်သလိုရိုက်ကူးခဲ့တယ်”လို့ဆိုတဲ့ ပုရိသတ်တွေရဲ့ ဝေဖန်မှုပြောဆိုမှုအပေါ် သရုပ်ဆောင် ရွှေမှုံရတီက တောင်းပန်စကားဆိုလိုက်ပါတယ်။

“သဲတို့ ၂ ယောက်ရဲ့ ဖျော်ဖြေရေးခရီးပန်းလာမှုကြောင့် မိတ်ကပ်နှင့် အဝတ်အစား အဆင်မပြေမှုအပေါ် ကြည့်ရှုရသူ နိုင်ငံတော်မှ လူကြီးမင်းများနှင့် မိဘပြည်သူပရိသတ်များအပေါ် မလေးမစား ပြုမူသလိုဖြစ်မိပါက အားလုံးကို အနူးအညွှန့်တောင်းပန်အပ်ပါတယ်ရှင် သဲတို့ကိုလဲ နားလည်ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်ရှင့်” လို့ ရွှေမှုံရတီက သူ့ရဲ့ Facebook လူမှုကွန်ယက်ကနေ တောင်းပန်လိုက်တာဖြစ်ပါတယ်။

ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနဲ့သာ ဖော်ဆောင်နိုင်မှာဖြစ်လို့ ပြည်သူတစ်ရပ်လုံးက ရွေးကောက်ပွဲကြီးမှာ ပါဝင်မဲပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကို အတူတကွ ဖော်ဆောင်ကြဖို့အတွက် ပြည်သူ ချစ်သော ရုပ်ရှင်အနုပညာရှင်တွေကလည်း တစ်ဖက်တစ်လမ်းက ပူးပေါင်းပါဝင် ဆောင်ရွက်နေပြီး နိုဝင်ဘာ ၅ ရက်မှ စတင်ကာ ရန်ကုန်မြို့ အနုပညာရပ်ဝန်းက ရုပ်ရှင်ဒါရိုက်တာတွေနဲ့ အနုပညာရှင်တွေပူးပေါင်းကာ အသိပညာပေး နှိုးဆော်မှုတွေ ရိုက်ကူးရေး ဆောင်ရွက်ခဲ့တယ်လို့ နိုင်ငံတော်က သတင်းထုတ်ပြန်ပါတယ်။
အခုလိုဆောင်ရွက်မှုမှာ ရုပ်ရှင်အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီ ရွှေထူး၊ အကယ်ဒမီ ရွှေမှုန်ရတီ၊ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ထွန်းထွန်း၊ ညီနန္ဒ၊ ဟိန်းဝေယံ၊ ပိုင်တံခွန်၊ အောင်ရဲလင်း၊ အလင်းရောင်၊ တိုင်ရွန်၊ လွှမ်းပိုင်၊ ကျော်ထက်အောင်၊ ထူးအောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကယ်ဒမီ ချောရတနာ၊ အကယ်ဒမီ အေးမြတ်သူ၊ ၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ မိုးဟေကို၊ ယွန်းဝတီလွင်မိုး၊ ပိုးမမှီသာ၊ ရတနာဗို၊ သဉ္ဇာဝင့်ကျော်၊ ဖူးစုံ၊ နော်ဖောအယ်ထား၊ဆောင်းဝတ်ရည်မေ၊ မေပန်းချီ၊ သဲစုညိမ်း၊ မေမီကိုကိုနဲ့ ရွှေသမီး တို့က ရွေးကောက်ပွဲဆိုင်ရာ ပြည်သူအသိပညာပေး နှိုးဆော်မှု ရိုက်ကူးရေးတွေမှာပါဝင်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

သတင်းထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် မှတ်တမ်းဓာတ်ပုံတွေအရ ရိုက်ကူးရေးမှာ အကယ်ဒမီဝတ်မှုံရွှေရည်က မိတ်ကပ်နဲ့ အဝတ်အစား အပြင်အဆင်မရှိပဲ ဖြစ်သလိုရိုက်ကူးခဲ့တယ်လို့ဆိုကာ ပရိတ်သတ်တွေကြားထဲမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
#PAN