ကညနရုံးတွေမြို့နယ်အဆင့်မှာဖွင့်နိုင်ဖို့ အဆိုတင်မယ်လို့ လပွတ္တာ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း မဲဆွယ်စကားဆို

(ပြည်တွင်း) နိုဝင်ဘာ ၇

ကညနလို့ခေါ်တဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး​တွေကို ​မြို့နယ်အဆင့်တွေမှာဖွင့်နိုင်ဖို့အတွက် အဆိုတင်သွင်းမယ်လို့ လပွတ္တာက ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း မဲဆွယ်စကားပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီကနေဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးဝင်း​ဆွေက ပြောဆိုလိုက်တာပါ။

“ဒီဌာနက ပြည်သူ့ဝန်ဆောင်မှုလုပ်ပေးရတဲ့ဌာန ဖြစ်သလို နိုင်ငံတော်အတွက် ဘဏ္ဍာငွေရှာပေးနိုင်တဲ့ဌာနဖြစ်ပါတယ်။ ပြည်သူကိုဝန်ဆောင်မှုပေးတဲ့ဌာနဆိုတာ ပြည်သူနဲ့အနီးဆုံးမှာရှိရမှာပေါ့ဗျာ။ ဒီဌာနရဲ့အဓိကအလုပ်က ယာဉ်မှတ်ပုံတင်ခြင်း၊ယာဉ်သက်တမ်းတိုးခြင်းနှင့်ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်းတို့ဖြစ်ပါတယ်။ ခုလို မော်တော်ဆိုင်ကယ်၊သုံးဘီးမျိုးစုံနဲ့ ထော်လာဂျီတွေကိုမြို့တိုင်းမှာ အလွယ်ဝယ်ယူလို့ရတဲ့ခေတ်၊မြို့ပြတင်မက ကျေးလက်တောရွာ၊မြစ်ကူးချောင်းကြား၊လယ်ကွင်းဆားကွင်းတွေထဲထိဒီယာဉ်တွေကိုတွင်ကျယ်စွာသုံးစွဲနေတဲ့ခေတ်မှာ
ယာဉ်လိုင်စင်အတွက်၊ယာဉ်သက်တမ်းတိုးဖို့အတွက် ယာဉ်မောင်းလိုင်စင်အတွက်
ယာဉ်ပြဖို့၊လူတွေ့စစ်ဆေးဖို့ တိုင်းနဲ့ပြည်နယ်ရုံး​တွေဆီကို သွားရောက်ဆောင်ရွက်ရတယ်ဆိုတာက နယ်ဝေးမြို့နဲ့ကျေးလက်တွေအတွက် တော်တော်အဆင်မပြေပါဘူး” လို့ ဦးဝင်းဆွေ ရဲ့ မဲဆွယ်စကားမှာပါရှိပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံတွေကို  ပြည်ထောင်စုနယ်မြေနေပြည်တော်မှာ ၁ ရုံး၊ ကချင်ပြည်နယ်မှာ ၃ ရုံး၊ ကယားပြည်နယ်မှာ ၁ ရုံး၊ ကရင်ပြည်နယ်မှာ ၃ ရုံး၊ ချင်းပြည်နယ်မှာ ၁ ရုံး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၅ ရုံး၊ တနင်္သါရီမှာ ၃ ရုံး၊ ပဲခူးမှာ ၄ ရုံး၊ မကွေးမှာ ၄ ရုံး၊ မွန်မှာ ၂ ရုံး၊ မန္တလေးမှာ ၈ ရုံး၊ ရခိုင်မှာ ၁ရုံး၊ ရန်ကုန်မှာ ၆ ရုံး၊ ရှမ်းပြည်နယ်မှာ ၈ ရုံး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၄ ရုံး ရုံးချုပ်အပါအဝင် တစ်နိုင်ငံလုံး ၅၅ ရုံးသာရှိတယ်လို့ စာရင်းအခက်အလက်တွေအရ သိရပါတယ်။

ကညန ရုံးတွေဟာ ပြည်နယ်နဲ့ခရိုင်တွေမှာသာရှိတာကြောင့် ယာဉ်လိုင်စင်အတွက်၊ယာဉ်သက်တမ်းတိုးဖို့အတွက် ယာဉ်မောင်းလိုင်စင်အတွက် ယာဉ်ပြဖို့၊လူတွေ့စစ်ဆေးဖို့အဆင်မပြေမှုတွေရှိလာတာကြောင့်  ယာဉ် လိုင်စင်မဲ့၊ လူ လိုင်စင်မဲ့တွေဖြစ်ကုန် များကုန်တယ်လို့ ဦးဝင်းဆွေက ပြောပါတယ်။

” ဒါကိုအခွင့်အလမ်းလို့သတ်မှတ်ပြီး ကိုယ်ကျိုးစီးပွားအတွက်အသုံးချလေ့ရှိတဲ့ ဟိုလူတွေ(ရောင်စုံ) ကလဲ မြို့ပြတင်အားမရဘဲနယ်အထိခြေဆန့်လာတဲ့အခါကြတော့ ကိုရွှေ Without တွေခင်ဗျာ ဝမ်းရေးထက်လွမ်းရေးခက်ကြတာပေါ့ဗျာ” လို့ သူကဆိုပါတယ်။

အခုလိုဖြစ်ပေါ်နေတာဟာ ဝန်ဆောင်မှုလုပ်မပေးနိုင်တဲ့ဝန်ကြီးဌာနရဲ့အားနည်းချက်လား၊ ဥပဒေ စည်းမျဥ်းစည်းကမ်း မလိုက်နာတဲ့ လိုက်စင်မဲ့တွေရဲ့တာဝန်မဲ့မှုကြောင့်လား၊ ဒီပြဿနာကို အခွင့်အလမ်းအနေနဲ့အသုံးချတတ်တဲ့ သက်ဆိုင်ရာဌာနအချို့ရဲ့ဆိုးသွမ်းမှုလားဆိုပြီးတော့လည်း ဦးဝင်းဆွေက မေးခွန်းထုတ်ထားပါသေးတယ်။

မော်တော်ဆိုင်ကယ်၊ သုံးဘီး၊ထော်လာဂျီတို့(ကားမပါပါ) နဲ့ပတ်သက်ပြီး မြို့နယ်အဆင့်မှာရုံးဖွင့် ဝန်ဆောင်မှုပေးမယ်ဆိုရင် ဒေသခံပြည်သူလဲအဆင်ပြေ၊နိုင်ငံတော်လဲဘဏ္ဍာငွေတွေရ၊ ဝန်ထမ်းသစ်တွေလဲအလုပ်ရနဲ့  သားရွှေအိုးထမ်းလာတဲ့ကိန်းဆိုက်မှာဖြစ်တယ်လို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးစကားပြောဆိုလိုက်တာဖြစ်ပါတယ်။