ကမ္ဘာ့ခေါင်းဆောင်များက ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေများကို APEC ထိပ်သီးညီလာခံ၌ ဆွေးနွေး

(နိုင်ငံတကာ) နိုဝင်ဘာ ၅

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(APEC)၏အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက ထိပ်သီးညီလာခံကို တောင်ကိုရီးယားနိုင်ငံ၌ အောက်တိုဘာလ ၃၁ ရက်တွင် ကျင်းပရာ ကမ္ဘာ့ခေါင်းဆောင်များက ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ဆွေးနွေးကြောင်းသိရသည်။

ထိပ်သီးညီလာခံသို့ တက်ရောက်လာသူများသည် ကမ္ဘာ့ကုန်သွယ်ရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေစဉ် အတွင်း ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရန်နှင့် ဖွံ့ဖြိုး တိုးတက်မှုရှိစေရန်တို့အတွက် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ပတ်သက်၍ဆွေးနွေးသည်။

အိမ်ရှင်နိုင်ငံ ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံသမ္မတ လီဂျေးမြောင် က နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံး ညီညွတ်မှုရှိရန် တောင်းဆိုထားသည်။

ထို့နောက် တရုတ်သမ္မတ ရှီကျင့်ဖျင် က မိန့်ခွန်းပြောရာတွင် နိုင်ငံများအားလုံးပါဝင်သော ပွင့်လင်းအာရှ-ပစိဖိတ်စီးပွားရေးအဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ရန်အပါအဝင် အကြံပြုချက်ငါးချက်ကို တင်သွင်းခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

အလားတူ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို မဏ္ဍိုင်ပြု၍ နိုင်ငံ ပေါင်းစုံပါဝင်သည့် ကုန်သွယ်ရေးစနစ်အပေါ် ဘေးအန္တရာယ်များကျရောက်မှုမရှိစေရေး ဆောင်ရွက်သွားရန်လည်း ရှီကျင့်ဖျင် က တောင်းဆိုထားသည်ဟု Yonhap သတင်းဌာနဖော်ပြချက်အရသိရသည်။