
(ဆောင်းပါးကဏ္ဍ) နိုဝင်ဘာ ၆
နေဇင်လတ်
အမေရိကန်နေဝင်ချိန်က သိသိသာသာဖြစ်လာတယ်။ နိဂုံးရဲ့နိဒါန်းမကတော့ဘူး။ နိဂုံးရဲ့ အလယ်ပိုင်းကို တောင်ကျော်ချင်ချင်ဖြစ်လာပြီ။ ဒီနေရာမှာ အမေရိကန်အနေနဲ့ “ သတ်မလား၊ သေမလား”လမ်းကိုရွေးကြရတော့မယ်။ပထမလမ်းက သမိုင်းရဲ့အလှည့်အပြောင်းကိုလိုက်နာပြီး ဒုတိယရွေးချယ်နိုင်တာက သမိုင်းအလှည့်အပြောင်းကို ဆန့်ကျင်ခြင်းပဲဖြစ်ပါတယ်။ ပညာရှင်တွေကတော့ သမိုင်းရဲ့အလှည့်အပြောင်းကို လိုက်နာခြင်းက ဒဏ်ရာနည်းပါးပြီး အချိန်တစ်ခုကြာမယ်၊ ဥပမာနောက်ထပ်နှစ် (၁၅နှစ်ကနေနှစ်၂၀လောက်)ကြာနိုင်တယ်လို့ဆိုတယ်။
သမိုင်းအချိုးအကွေ့ကို ဆန့်ကျင်ရင်တော့ကိုယ်ကနိုင်သွားနိုင်ပေမယ့်ဒဏ်ရာကြီးလိမ့်မယ်။ မနိုင်လို့ရှုံးသွားရင် စစ်ရှုံးတွေရဲ့သဘာဝအတိုင်း ပြုသမျှ အနုခံရမယ်”၊ မြန်မြန်ဆန်ဆန်ကျော်တက်ခွင့်ပေးလိုက်ရလိမ့်မယ်လို့ထောက်ပြထားတယ်။ Big Change, Big Circle သီအိုရီအရ လက်ရှိမြင်ကွင်းတွေဟာ Big Clashအချိန်ကိုဖြတ်နေရချိန်ဖြစ်ကြောင်း တွေ့နေရတယ်။ ပညာရှင်တွေဘက်ကစိုးရိမ်နေကြတယ်။
ရာဇာတို့ရဲ့မာန်- အမေရိကန်
ဆိုဗီယက်ယူနီယံကြီးပြိုကျချိန်ဟာ သမ္မတ Roanld Reagan ခေတ်မှာပါ။ Reagan က ရီပတ်ဘလစ်ကင် ဖြစ်ပြီး အမေရိကန်သမ္မတအဖြစ် ၁၉၈၁ – ၈၉ ရှစ်နှစ်ကြာခဲ့တယ်။သူ့ရဲ့သမ္မတသက်တမ်းနောက်ဆုံးနှစ် ၁၉၈၉ မှာ ဆိုဗီယက်ယူနီယံကြီးကို ဖြိုခွဲလိုက်နိုင်ပြီးသမိုင်းမှတ်ကျောက်တင်သွားခဲ့သူဖြစ်ပါတယ်။
ရီပတ်ဘလစ်ကင်တွေက ပြတ်ပြတ်သားသားလုပ် ကိုင်တတ်ကြတယ်။ ဒီမိုကရက်တွေက ကမ္ဘာကြီးကို ရေစုန်နေကြသူတွေ ဖြစ်ကြတယ်။ အထူးသဖြင့်ကိုယ်နိုင်ရမယ့်သူ၊ အင်အားကွာရင်ဖိထောင်းပြီး ရုရှား၊ တရုတ်တို့ကိုဆိုရင် ရှောင်ကွင်းလေ့ရှိကြတယ်။ ရီဂင်နောက်ပိုင်း အမေရိကန်သမ္မတတွေ အားလုံးဟာ ခပ်ချောင်ချောင်နဲ့ သက်တမ်းကုန်လွန်သွားခဲ့ကြသူတွေချည်းပါပဲ။
ရှားရှားပါးပါး ရီပတ်တာလစ်ကင်က Donald Trump ၂၀၁၆ မှာ သမ္မတဖြစ်လာခဲ့တယ်၊သူ့သဘာဝအရလုပ်ရဲကိုင်ရဲရှိသူ ဖြစ်တာရော၊ ရီပတ်ဘလစ်ကင်ဖြစ်တာရယ်ရောပေါင်းပြီး ၂၀၁၈ မှာ တရုတ်ကို အခွန်တိုးမြှင့်ရင်း ထိပ်တိုက်တွေ့ခဲ့ပါတယ်။ Tempo မြင့်လာစဉ်မှာ Covid – 19ပေါ်လာပြီး Covid ကို ခုခံကာကွယ်ကြရင်းသူ့ သက်တမ်းပြီးသွားပါတယ်။ Bidenသမ္မတဖြစ်လာခဲ့တယ်။ ဒီမိုကရက်ကဖြစ်ပြီး ယူကရိမ်းစစ်နဲ့ NATO ကိုအသုံးချပြီး ရုရှားနဲ့စစ်ဖြစ်တယ်။ Bidenက Game Maker လုပ်ပြီး ရှေ့မထွက်ဘူး။ ကြက်ပွဲတွေလို နောက်က လေမှုတ်ပေးသူပါ။
Bidenမျှော်လင့်သလို စစ်ပွဲက နှစ် နှစ်နဲ့မပြတ်သွားပဲ Trump ဒုတိယအကြိမ်သမ္မတပြန်ဖြစ်တဲ့အထိ စစ်ပွဲရှည်သွားခဲ့တယ်။ အမေရိကန်ဟာ Budget Deficit ဖြစ်ပြီး အကြွေးနှစ်စဉ် တင်နေတာကြာပြီ။ ဒီနေ့ဆိုရင် S38 + Trillion ဖြစ်နေတယ်။ GDP: Debt က 127 ရာခိုင်နှုန်းဖြစ်နေပြီ။
၂၀၂၅ မှာ Trump သမ္မတဖြစ်တော့ အကြွေးပတ် လည်ဝိုင်းအခြေအနေ၊ အမေရိကန်ကျဆင်းမှုကလဲ Free Fall မဟုတ်ပေမယ့်ကျတဲ့ Speedကမြန်နေတယ်။ ယူကရိမ်းစစ်က အမေရိကန် ထွက်ချင်လာတယ်။ ပြီးတော့ စီးပွားရေးပြိုင်ဘက်လည်းဖြစ် Trade မှာ အမေရိကန်ဆီက အကျိုး အမြတ်တွေရနေတဲ့ တရုတ်နဲ့ထိပ်တိုက်တွေ့ပို့ပြန်ပြင်ဆင်ခဲ့တယ်။ အမေရိကန်ကိုကျော်ဖြတ်ဖို့ တရုတ်နိုင်ငံရဲ့ညွှန်းကိန်းတွေကနေရာတိုင်းမှာပြနေတာကိုတွေ့ရတယ်။
ထိပ်တိုက်တွေ့ရဲတဲ့သတ္တိကလည်း Trump လိုလူမျိုးကလွဲပြီး အခြားသမ္မတတွေမှာမရှိ။ ဒါကြောင့် Trump က အခင်းအကျင်းတွေကိုပြောင်းဖို့ အရဲစွန့်ပြီး ကြိုး ပမ်းရပါတော့တယ်။ ပထမဦးဆုံး နှစ်စဉ် $ Trillion ဂဏန်းနဲ့ တင်နေတဲ့ အကြွေးကို ရပ်တန့်အောင်လုပ်ရမှာဖြစ်ပြီးစိန်ခေါ်နိုင်တဲ့ ရုရှားနဲ့တရုတ်ကို ဓားဓားချင်း၊ လှံလှံချင်း ရင်ဆိုင်ရမယ်လို့ ဆုံးဖြတ်ခဲ့ဟန်တူတယ်။
ပညာရှင်တွေ ရွေးတဲ့လမ်းကြောင်းက ဒဏ်ရာနည်းတယ်။ ဒါပေမယ့် လမ်းဆုံးမှာ အမေရိကန်က သူ့နေရာကို ဖယ်ပေးရမယ်။ အမေရိကန်မှာ အထူးသဖြင့် Tramp မှာ ရာဇမာန်အပြည့်ရှိတယ်။ တိုက်ရင်းသေမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး၊ တိုက်ရင်းသေသွားနိုင်သလိုကံကောင်းရင်လဲ ရန်သူကို အနိုင်ရနိုင်တဲ့နည်းလမ်းကိုမျက်လုံးမှိတ်ရွေးလိုက်ဟန်တူတယ်။ဒါကတော့ ထိပ်တိုက်တွေ့ရေးကို ဆုပ်ကိုင်လိုက်ခြင်းပါပဲ။
ကံကောင်းရင် အမေရိကန်ဟာ ကမ္ဘာ့နံပါတ်တစ်နေရာမှာ ဆက်ရှိနိုင်သလို၊ ကံဆိုးရင်တော့ ဒဏ်ရာကြီးကြီးနဲ့ နေရာက မြန်မြန်ဆန်ဆန်ဖယ်ပေးရမယ့်နည်းလမ်းမျိုးပါ။
ဒါကြောင့် Trumpရဲ့ရွေးချယ်မှုက လောင်း ကြေးမြင့်တယ်။ လက်တွေ့အကောင် အထည်ဖော်ရာမှာလဲ စွန့်စားမှုရှိတဲ့ မဟာဗျူဟာကို အသုံးချနေတာတွေ့ရပြန်ပါတယ်။ ရာဇတို့ရဲ့မာန် အဆုံးရလဒ်ဘာဖြစ်လာမလဲ ဆက်ကြည့်ကြရပါ့မယ်။
ယူကရိမ်းစစ်နဲ့ အတိုးအလျော့
ပူတင်ဆိုတာ ကရင်မလင် နန်းတော်ထဲက ထိပ်ခုံမှာထိုင်နေတာ ၂၅ နှစ်ကျော်ခဲ့ပါပြီ။ ကမ္ဘာ့ခေါင်းဆောင် အဆက်ဆက်ကို ဆက်ဆံခဲ့သူဖြစ်ပြီးအမေရိကန်သမ္မတလေးဆက်နဲ့ ထိတွေ့ခဲ့သူဖြစ်ပါတယ်။ လက် နက်နိုင်ငံရဲ့ အရှင်သခင်ဖြစ်တဲ့အတွက် ပူတင်ကိုထရမ့်က သတိထားဆက်ဆံဖို့လိုပါမယ်။ ချော့တဲ့ အခါ ချော့၊ ခြောက်တဲ့အခါခြောက်ပေါ့။ ဒါပေမဲ့ ပူတင်ဟာ ထရမ့်ကြိုးဆွဲသလိုပါမလာတာ တွေ့ရတယ်။
ယူကရိမ်းစစ်ကိုရပ်ဖို့ ထရမ့်က ကြိုးစားတယ်။ပူတင်က သဘောမတူဘူးလို့ မပြောဘူး။ သမိုင်းမှာ လူဆိုးအဖြစ်မခံဘူး။ “မူ” အားဖြင့် သဘောတူပေးတယ်။ ဒါပေမယ့်ညှိနှိုင်းတဲ့အချက်အလက်တွေကို “ထစ်”ထားလိုက်တယ်။ Alaskaမှာ ထရမ့်နဲ့ ပူတင်တို့ တွေ့ကြတယ်။ ”အလွန်အလုပ်ဖြစ်မယ့် ဆွေးနွေးမှုမျိုးကို ဆွေးနွေးနိုင်ခဲ့တယ်” လို့ ထရမ့်က ကမ္ဘာကြီးကို ကြေညာလိုက်တယ်။ ပူတင်က သိမ်းပြီးတဲ့ နယ်မြေရာခိုင်နှုန်း ၂ဝ ကို ရုရှားပိုင်လို့အသိအမှတ်ပြုပေးရမယ်။ ပြီးတော့ မသိမ်းရသေးတဲ့ (X) sq kmကိုပါ ထည့်ပေးရမယ်လို့ တောင်းဆိုတယ်။ ထရမ့် ပက် လက်လန်သွားတယ်။
ရုရှားအတွင်းပိုင်းထဲအထိ ပစ်နိုင်တဲ့ ATACMS မစ်ဇိုင်းတွေထုတ်ပေးတယ်။ ရုရှားက ပစ်ချပစ်လိုက်တယ်။ Orcsnik နည်းပညာလွန်မစ်ဇိုင်းသစ်ကို ထုတ်သုံးပြလိုက်တယ်။ ပြီးတော့ပြန်ပြီးခြိမ်းခြောက်ပြလိုက်ပါသေးတယ်။ Orcshnik တွေကို ဘယ်သူကမှပစ်ချနိုင်တဲ့နည်းပညာမပေါ်သေးဘူးလို့ ပြောလိုက်တယ်။အမေရိကန်တောင်ပစ်မချနိုင်ဘူးလို့ ပြောချင်တာပါ။ ပြီးတော့ကျိတ်ပြီးအမြောက်အမြားထုတ်တယ်။ ဘယ်လားရုစ်ကိုလဲပေး၊ တပ်ရင်းတပ်ဖွဲ့တွေမှာလဲ ဖြန့်ကြက်ထားပြလိုက်ပြန်ပါတယ်။
အမေရိကန်က Touhawk Missile တွေ ယူကရိမ်းကိုပေးမယ်လို့ သွေးတိုးစမ်းလိုက်ပြန်သေးတယ်။ ပူတင်က Torulawk တွေပေးရင် အမေရိကန်က ကျွမ်းကျင်သူတွေလာရောက်ပစ်ခတ်ကြရမှာမို့ အမေရိကန်ကိုယ် တိုင် စစ်ထဲပါဝင်လာတယ်လို့ ယူဆမှာဖြစ်ကြောင်း ရုရှား-အမေရိကန်ဆက်ဆံရေး အကြီးအကျယ်ထိခိုက်သွားစေနိုင်တယ်လို့ တုံ့ပြန်လိုက်တော့ အိမ်ဖြူတော်ကို ဝမ်းသာအယ်လဲနဲ့ ရောက်လာတဲ့ ဇလန်စကီးဟာ Toralawk တွေမရပဲ မျက်နှာရှုံ့ပြီး ပြန်သွားရပါတော့တယ်။
ရုရှားစစ်တိုက်နိုင်တာ ရေနံနဲ့ ဓာတ်ငွေ့က ငွေတွေရနေလို့ဆိုတာကိုသိတဲ့အတွက် အဲ့ဒီအပိုင်းကိုပိတ်ဆို့ဖို့ ထရမ့်က ကြိုးစားခဲ့ပြန်တယ်။ရုရှားဆီက ရေနံအများဆုံးဝယ်နေသူက အိန္ဒိယပါ။ ထရမ့်က အိန္ဒိယအနေနဲ့ ရုရှားရေနံတွေကိုဆက်ပြီး ဝယ်ယူမယ်ဆိုရင် အခွန် ၂၅+၂၅ (ရာခိုင်နှုန်း ၅၀) ချမယ်လို့ ခြိမ်းခြောက်တယ်။ မိုဒီက ထရမ့်ကို လက်ပြပြီးကျောခိုင်းသွားတယ်။ ရုရှားရေနံကိုဆက်ဝယ်မယ်လို့ ကြေညာလိုက်တယ်။ ထရမ့် ပက်လက်လန်ပြန်ရော။
နောက်ဆုံးရုရှားရဲ့ အကြီးဆုံးရေနံကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Roseliနဲ့ Lukoil ကို အမေရိကန်က အရေးယူပိတ်ဆို့မှု လုပ်ခဲ့ပြန်ပါတယ်။ ဒီ အရေးယူမှုကို ပူတင်က ဆန့်ကျင်ကြောင်း ဒေါနဲ့ မောနဲ့ပြောပြီး အမေရိကန်တွေ ကြောက်ရတဲ့ Yars ICBM တွေကို စမ်းသပ်ပစ် ခတ်ပြလိုက်သလို၊ အနုမြူစစ်ရေးလေ့ကျင့်မှုတွေကိုပါ လုပ်ပြလိုက်ပါတယ်။ အမေရိကန်ရဲ့ မိုင်းညုမင်းက အနုမြူထိပ်ဖူးနှစ်ခုကို သယ်ဆောင်နိုင်ပြီး ပစ်မှတ်ကိုရောက်ဖို့ ၃၅ မိနစ်ကြာတယ်။ရုရှားရဲ့ Yrsက အနုမြူထိပ်ဖူး ၁၆ ခုကို သယ်ဆောင်နိုင်ပြီး ပစ်မှတ်ကိုရောက်ဖို့ ၂၅ မိနစ်ပဲကြာပါတယ်။
ပူတင်က အနုမြူစစ်ရေးလေ့ကျင့်မှုတွေကို ပါလုပ်ပြနေပါပြီတဲ့…။အမေရိကန် ဘာဆက်လုပ်မလဲ။
တရုတ်မျက်နှာစာမှာရော ဘယ်လိုလဲ
အမေရိကန်နဲ့ တရုတ်တက် မျက်နှာစာမှာတော့ ရုရှားထက်ပိုများတာတွေ့ရတယ်။ Tariff ပိုင်းမှာ ထိပ် တိုက်တွေ့မှုတွေ ပြင်းထန်လာပြီး ကုန်သွယ်စစ်ကနေ စီးပွားရေးစစ်ဘက်ကူးလာတာတွေ့ရတယ်။ ထရမ့်က အတော်သတိထားကိုင်ကွယ်နေရတာ ထင်ရှားတယ်။ နိုင်တဲ့ နိုင်ငံတွေကို Tariffတွေစပြီး သတ်မှတ်ခဲ့ပေမဲ့ တရုတ်ကို ရက် ၉ဝ အချိန်ပေးခဲ့တယ်။ နှစ်ဖက် ကိုယ်စားလှယ်တွေ တွေ့ကြတာ ငါးကြိမ်တောင်ရှိသွားပြီ။ မပြေလည်ကြသေးဘူး။
တရုတ်က နိုင်ဖဲသုံးချပ်ကို ကိုင်ထားတယ်။ ပထမ တစ်ချက်က မြေရှားသတ္တုကိုအကန့် အသတ်နဲ့ ရောင်း ချတဲ့ စနစ်ကျင့်သုံးလိုက်တယ်။ ကမ္ဘာ့မြေရှား ထုတ် လုပ်မှုရဲ့ ရာခိုင်နှုန်း ၉၀ ကို တရုတ်က ကိုင်ထားလေတော့ တရုတ်ဟာ မြေရှားသတ္တုကို အရောင်းပိတ်လိုက်ရင်အမေရိကန်လုပ်ငန်းတွေ အားလုံး၊ နောက်ဆုံးလက် နက်ထုတ်လုပ်သူတွေအထိပါ နှစ်လအတွင်းရပ်ဆိုင်းသွားနိုင်ပါတယ်။ ဒီအဆင့်အထိအဖြစ်မျိုး အမေရိကန်က အဖြစ်ခံလို့မရဘူး။ ဒုတိယနိုင်ဖဲက မော်တော်ကားအပါအဝင် ဘက်ထရီထုတ်လုပ်မှုရဲ့ရာခိုင်နှုန်း ၇ဝ ကို တရုတ်က ကိုင်ထားတာပဲ။ Tesla အပါအဝင် မော် တော်ကားကုမ္ပဏီတွေက CATL ဆီကအဆင့်မြင့်ဘက်ထရီတွေကို ဝယ်ယူတင်သွင်းနေရတယ်။ မော်တော်ကားလုပ်ငန်း အချိန်တိုအတွင်းမှာ ချည့်နဲ့သွားနိုင်ပြန်တယ်။
တတိယနိုင်ဖဲတစ်ချပ်ကတော့ ဆေးဝါးလုပ်ငန်းအပါအဝင် ကုန်ကြမ်းတချို့ကို တရုတ်ကကိုင်ထားနိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီ နိုင်ဖဲသုံးချပ်အပြင် အခြားနိုင်ဖဲတချို့လဲရှိပါသေးတယ်။ ထရမ့်က “ဒီတစ်ကြိမ် တရုတ်အပေါ်အရေးယူ ပိတ်ဆို့မှုလုပ်ရင် အရင်ကထက် ပိုပြီးပြင်းထန်လိမ့်မယ်”လို့ ပြောခဲ့ ပြီး တရုတ်ဘက်ကလဲ “ရေဆုံး မိုးဆုံး ပုပါမကူ၊ ရေမရှူစတမ်း” ရင်ဆိုင်သွားမယ်လို့ ဆိုခဲ့တယ်။
ရုရှားလိုပဲ တရုတ်ဘက်ကလဲ အဆင့်မြင့် ICBM ကိုထုတ်ပြခဲ့တယ်။ ” X – ၆၁”လို့ ယာယီနာမည်ပေးထား သတဲ့။ အနုမြူထိပ်ဖူး ၆၀ နဲ့ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို သယ်ဆောင်နိုင်ပြီး အဲ့ဒီ မစ်ဇိုင်းကို ဘယ်သူကမှ ပစ်မချနိုင်ဘူးလို့ဆိုတယ်။ ထိပ်ဖူး ၆၀ လုံး သယ်နိုင်တယ်ဆိုတော့ အားလုံးမျက်လုံးပြူးသွားကြပါတော့တယ်။
ဗင်နီဇွဲလား ဘာလဲ–ဘယ်လဲ..
ဗင်နီဇွဲလား သမ္မတ မာရူဒိုဟာ မူးယစ်ရာဇာတစ်ဦးဖြစ်လို့” Regine Change”လုပ်မယ်ဆိုပြီး အမေရိကန်ရေတပ်က ဗင်နီဇွဲလားကိုဝိုင်းထားတာ သုံးပတ်ကျော်ခဲ့ပါပြီ။ ခိုးထွက်လာတဲ့ လှေတချို့ကို ပစ်ခတ်နှိမ်နင်းပြပြီးဗင်နီဇွဲလား ကုန်းတွင်းပိုင်းအထိ စစ်ဆင်ရေးကို ဘာကြောင့် မလုပ်သေးတာလဲ။ မာဒိုရဲ့ အတိုက် အခံကို နိုဘယ်ဆု ပေးလိုက်တယ်။ အမေရိကန်ထောက်ခံတဲ့ အတိုက်အခံတက်လာရင် ဗင်နီဇွဲလားက ရေနံတွင်းတွေကို အမေရိကန်ကထိန်းချုပ်လို့ ရသွားမှာဖြစ်ပါတယ်။ လောလော ဆယ် သမ္မတမာက ရုရှားနဲ့ တရုတ်တို့ဘက်ယိမ်းသူဖြစ်ပါတယ်။ ဗင်နီဇွဲလားရဲ့ရေနံအများစုကို ဝယ်ယူနေသူက တရုတ်ဖြစ်ပါတယ်။ ရုရှားရဲ့ရေနံကို မရောင်းရအောင် ဖိအားပေး ဗင်နီဇွဲလားကို အမေရိကန်ထောက်ခံသူအစိုးရဖြစ်လာရင် တရုတ်ကို ရေနံမရောင်းပေးတာနဲ့ တရုတ်စီးပွားရေး အလိုလိုထိခိုက်သွားစေမယ့်ဗျူဟာဖြစ်ပါတယ်။
မာရူဒိုကလည်းရုရှားဆီက မစ်ဇိုင်း ၅၀၀၀ ကို ဝယ် ယူပြီးတပ်ဖြန့်ထားတယ်လို့ဆိုတယ်။ တရုတ်ဆီက ဂျက်တိုက် လေယာဉ်အစင်း ၄၀ ကို ဝယ်ယူထားပြီး တရုတ်ရဲ့အစွမ်းထက်ရေဒါတွေကို တပ်ဆင်ထားတယ်။ အီရန်ကလည်း အပြည့်အဝကူညီနေပြီး မြောက်ကိုရီးယားကလဲ မာရူဒိုကိုကူညီနေပါတယ်။
ဗင်နီဇွဲလား Gameမှာ အမေရိကန်အနိုင်ရရင် ရုရှား၊ တရုတ်တို့ ဒုက္ခလှလှတွေ့မှာဖြစ်ပြီး အမေရိကန် ရည် မှန်းချက် မပေါက်မြောက်ရင် တံတွေးခွက်ထဲ မျောရမဲ့ကိန်း ဖြစ်နေပါတယ်။ ဒီပွဲမှာအမေရိကန်ဟာ Proxy မခံပဲ တိုက်ရိုက်ကိုယ်တိုင်ဝင်လာတာက လောင်းကြေးကြီးလွန်းတယ်။ စွန့်စားရလွန်းတယ်လို့ မြင်ပါတယ်။
Big Clash စက်ဝန်းထဲမှာ ပြိုင်ဘက်တွေတော့ မရှောင်နိုင်အောင်ထိပ်တိုက် တွေ့နေကြပါပြီ။ အနိုင်-အရှုံးကို အဆုံးအဖြတ်ပေးရတော့မယ့် ပွဲလဲဖြစ်ပါတယ်။ အမေရိကန်နိုင်ရင် သူ့ခေတ်ကို ဆက်ပြီး ရှင် သန်နိုင်မှာဖြစ်ပြီး အမေရိကန်ရှုံးရင်တော့ ဒဏ်ရာဗရနဲ့ သူ့လက်ကျန်သက်တမ်းခပ်တိုတိုနဲ့ ပွဲပြတ်သွားမှာလည်း ဖြစ်နေပြန်ပါတယ်။
လာမယ့် ၂၀၂၆ မှာတော့ မြင်သာ ထင်သာရှိတဲ့ လက္ခဏာတချို့ကိုသေသေချာချာ တွေ့ရလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။လောင်းကြေးမြင့်လွန်းတဲ့ပွဲတွေ ဖြစ်ပါတယ်။
#PAN