
(နိုင်ငံတကာသတင်းဆောင်းပါး)ဧပြီ ၃၀
ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်မတိုက်ခိုက်မီ ၁၂ နာရီအလို၌ တီဟီရန်မြို့မှ ခရစ်ပ်တိုအသုံးပြုသူ ဖီရုဇ်က တစ်ခုခုလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ “စစ်ပွဲမကြာခင်စတော့မယ်ဆိုတာကို တစ်ပတ်လုံး ခံစားနေရတယ်” ဟု ၎င်းက ဆိုသည်။
၎င်းသည် မိမိ၏ပင်ကိုယ်သိစိတ်ကို ယုံကြည်ကာ ပိတ်ဆို့အရေးယူမှုဒဏ်ခံနေရသော အီရန်၏ ခရစ်ပ်တိုဂေဟစနစ်တွင် အဓိကဗဟိုချက်ဖြစ်သည့် အကြီးဆုံး ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုပလက်ဖောင်း Nobitex ပေါ်ရှိ ၎င်း၏ ခရစ်ပ်တိုစုဆောင်းငွေအားလုံးကို ကိုယ်ပိုင်ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် (Wallet) ထဲသို့ ရွှေ့ပြောင်းခဲ့သည်။ “ကျွန်တော့်ရဲ့ အဓိကအတွေးကတော့ စစ်ပွဲဖြစ် လာရင် အစိုးရနဲ့ပတ်သက်နေတဲ့ ဒါမှမဟုတ် အစိုးရက စောင့်ကြည့်နေတဲ့ အီရန်ခရစ်ပ်တိုဝန်ဆောင်မှုတွေထဲမှာ ငွေတွေကျန်ခဲ့ရင် အစိုးရရဲ့လုပ်ဆောင်ချက်ကြောင့်ပဲဖြစ်ဖြစ်၊ ဆိုင်ဘာတိုက်ခိုက်မှုတွေကြောင့်ပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ ပိုင်ဆိုင်ခွင့်တွေ ဆုံးရှုံးသွားနိုင်တယ်ဆိုတာပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
ခရစ်ပ်တို အရောင်းအဝယ်စောင့်ကြည့်ရေးလုပ်ငန်း Chainalysis ၏ အဆိုအရ အီရန်၏ ခရစ်ပ်တိုဂေဟစနစ်သည် ပြီးခဲ့သည့်နှစ်တွင် တန်ဖိုးအားဖြင့် ဒေါ်လာ ၇.၇၈ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပိုမိုမြန်ဆန်သောနှုန်းဖြင့် တိုးတက်လာခဲ့သည်။ သို့သော် အချက်အလက်များအရ အရှိန်အဟုန်ပြင်းစွာ တက်နေသည့် ငွေကြေးဖောင်းပွမှုနှင့် တန်ဖိုးကျဆင်းနေသော ဒေသတွင်းငွေကြေးဒဏ်ကို ကုစားရန်အတွက် ခရစ်ပ်တိုဘက်သို့ လှည့်လာကြသည်မှာ အီရန်နိုင်ငံသားများသာ မဟုတ်ကြောင်း တွေ့ရှိရသည်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) သည် စတုတ္ထသုံးလပတ်အတွင်း အွန်လိုင်းပေါ်ရှိ ခရစ်ပ်တိုလှုပ်ရှားမှုများ၏ ၅၀ ရာခိုင်နှုန်းခန့်ကို လုပ်ဆောင်ခဲ့ပြီး၊ ယင်းမှာ နိုင်ငံ၏စီးပွားရေးအပေါ် ၎င်းတို့၏ လွှမ်းမိုးထားမှုကို ရောင်ပြန်ဟပ်နေခြင်းဖြစ်သည်။ သမားရိုးကျ ဘဏ်စနစ်ဖြင့် ပေးချေမှုများထက် ခြေရာခံရန် ပိုမိုခက်ခဲပြီး လွှဲပြောင်းရန် ပိုမိုလွယ်ကူသောကြောင့် ခရစ်ပ်တိုသည် ရေနံရောင်းချရန်၊ လက်နက်နှင့် ကုန်စည်များဝယ်ယူရန်နှင့် ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။ ထို့ပြင် ယင်းကို သွင်းကုန်ပစ္စည်းများအတွက် ငွေပေးချေမှု နည်းလမ်းတစ်ခုအဖြစ်လည်း အသုံးပြုခဲ့ကြသည်။
သို့သော်လည်း အီရန်ဘက်က ခရစ်ပ်တိုသို့ လှည့်လာခြင်းသည် အမေရိကန်နှင့်အတူ ကြောင်နှင့်ကြွက်ကစားသကဲ့သို့ ပြိုင်ဆိုင်မှုအသစ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ဝါရှင်တန်သည် ဆယ်စုနှစ်များစွာကြာ ပိတ် ဆို့အရေးယူမှုများကြောင့် ကန့်သတ်ချက်များ ရှိနှင့်ပြီးသားဖြစ်သော တီဟီရန်၏ စီးပွားရေးထွက်ပေါက်များကို ပိုမိုကျပ်တည်းသွားစေရန် ကြိုးပမ်းလျက်ရှိသည်။
ဘဏ္ဍာရေး အသက်သွေးကြောအားလုံးကို ပစ်မှတ်ထား
ဧပြီလအစောပိုင်းတွင် အီရန်အာဏာပိုင်များက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းလိုသည့် ရေနံတင် သင်္ဘောများကို ဖြတ်သန်းခအား ခရစ်ပ်တိုငွေ ကြေးဖြင့် ပေးဆောင်ရန် တောင်းဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောအချို့ထံမှ အီရန်နိုင်ငံသည် ခရစ်ပ်တိုဖြင့် ငွေပေးချေမှုအချို့ကို လက်ခံရရှိနေပြီ ဖြစ် ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
“ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှု ခံထားရတဲ့ အုပ် ချုပ်ရေးဒေသတွေဟာ ခရစ်ပ်တိုဘက်ကို သဘာဝအလျောက် လှည့်လာတတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရစ်ပ်တိုဟာ ပိတ်ဆို့အရေးယူမှုတွေကြောင့် ကန့်သတ်ခံထားရတဲ့ ဘဏ္ဍာရေးလမ်း ကြောင်းတွေအတွက် အစားထိုးလမ်းစတစ်ခု ဖြစ်စေလို့ပါပဲ” ဟု Chainalysis မှ အကြီးတန်း ထောက်လှမ်း ရေးသုတေ သနပညာရှင် ကိတ်လင် မာတင်က ပြောကြားသည်။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) သည် ခရစ်ပ်တိုလှုပ်ရှားမှုများ၏ ထက်ဝက်ခန့်ကို ထိန်းချုပ်ထားသည်ဟူသော ခန့်မှန်းချက်မှာ အမှန်တကယ်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း၊ အကြောင်းမှာ အာဏာပိုင်များ ထိန်းချုပ်ထားသည့် ပိုက်ဆံအိတ် (Wallet)အများအပြားကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ခြေရာခံနိုင်ခြင်း မရှိသေးသောကြောင့်ဖြစ်ကြောင်း မာတင်က ဆိုသည်။
သို့သော်လည်း ယခုအပတ်အစောပိုင်းတွင် အမေရိကန်က အီရန်နှင့်ဆက်နွှယ်နေသည့် ခရစ်ပ်တိုပိုက်ဆံအိတ် ကွန်ရက်တစ်ခုကို ပိတ်ဆို့အရေးယူလိုက်ပြီး ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု ဒေါ်လာ ၃၄၄ သန်းကို သိမ်းဆည်းလိုက်ကြောင်း ကြေညာခဲ့သည်။ ယင်းမှာ စစ်ပွဲအဆုံး သတ်ရေး ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း အီရန်အပေါ် စီးပွားရေးအရ ဖိအားမြှင့်တင်ရန် ထရန့်အစိုးရ အဖွဲ့၏ ကြိုးပမ်းမှုဖြစ်သည်။ “တီဟီရန်အစိုးရက နိုင်ငံပြင်ပကို အသည်းအသန် ရွှေ့ပြောင်းဖို့ ကြိုးစားနေတဲ့ ငွေကြေးတွေနောက်ကို ကျွန်တော်တို့ လိုက်မှာဖြစ်ပြီး အစိုးရနဲ့ ဆက်နွှယ်နေတဲ့ ဘဏ္ဍာရေး အသက်သွေး ကြောအားလုံးကို ပစ်မှတ်ထားသွားမှာပါ” ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆင့် (Scott Bessent)က X တွင် ရေးသားခဲ့သည်။
အီရန်စီးပွားရေးသည် နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ကို အသုံးမပြုနိုင်အောင် ဆယ်စုနှစ်များစွာကြာ ပြင်း ထန်သော ပိတ်ဆို့အရေးယူမှုများအောက်တွင် ရပ် တည်ခဲ့ရသည်။ ယင်းအခြေအနေကပင် စီးပွားရေးကန့်သတ် ချက်များကို ရှောင်လွှဲရန် အစားထိုးလမ်း ကြောင်းတစ်ခုအဖြစ် အသုံးပြုနိုင်သည့် ဒေသတွင်း ခရစ်ပ်တိုဂေဟစနစ်တစ်ခု အားကောင်းလာစေရန် တွန်းအားပေးခဲ့သည်။
သာမန်အီရန်နိုင်ငံသားများအတွက်မူ ခရစ်ပ်တိုသည် ၎င်းတို့၏ လစာနှင့် စုဆောင်းငွေများ တန်ဖိုးမကျ အောင် ထိန်းသိမ်းထားနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်နေသည်။ အကယ်၍ ၎င်းတို့၏ ဝင်ငွေများကို အစိုးရထိန်းချုပ်ထားသည့် ဘဏ်စနစ်အတွင်း၌သာ ထားရှိမည်ဆိုပါက အရှိန်အဟုန်ပြင်းစွာ တက်နေသည့် ငွေကြေး ဖောင်းပွမှုနှင့် ၂၀၁၈ ခုနှစ်မှစ၍ တန်ဖိုး ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည့် ရီယယ် (Rial) ငွေကြေးပြိုလဲမှုတို့ကြောင့် ၎င်းတို့၏ ချွေးနည်းစာများ ဆုံးရှုံးသွားမည့် အန္တရာယ်ရှိနေသည်။
သို့သော်လည်း လွန်ခဲ့သည့်နှစ်များအတွင်း IRGC နှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းများက ခရစ်ပ်တိုတူးဖော်ရေး (Mining)လုပ်ငန်းများကို လက်ဝါးကြီးအုပ်လာပြီး အခြားသူများကို မောင်းထုတ်ကာ ပိတ်ဆို့အရေးယူမှုရှောင်လွှဲရန် ခရစ်ပ်တိုကို အသုံးချလာခြင်းကြောင့် သာမန်ပြည်သူများအတွက် ခရစ်ပ်တိုလောကအတွင်း လှုပ်ရှားရန် ပိုမိုခက်ခဲလာခဲ့သည်။
“အစိုးရထောက်ပံ့ပေးထားတဲ့ လျှပ်စစ်မီးကို သုံးပြီး IRGC ဟာ ခရစ်ပ်တိုတူးဖော်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒါဟာ စွမ်းအင်တွေကို ပိတ်ဆို့အရေးယူလို့မရတဲ့ ငွေကြေးတွေအဖြစ် ထိရောက်စွာ ပြောင်းလဲပစ်နေတာပါပဲ” ဟု တီဟီရန်အခြေစိုက် ခရစ်ပ်တိုသုတေသနပညာရှင်တစ်ဦးက ဆိုသည်။ ထို့ပြင် အစိုးရနှင့် ဆက် နွှယ်သည့် ရန်စမ်ဝဲ(Ransomware) တိုက်ခိုက်မှုများမှတစ်ဆင့်လည်း ဝင်ငွေများ ရှာဖွေနေကြကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ထိုကဲ့သို့သော နောက်ခံအခြေအနေများကြောင့် အမေရိကန်၏ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC)က အီရန်၏ ခရစ်ပ်တိုဂေဟစနစ် တစ်ခုလုံးကို “အန္တရာယ် မြင့်မားသည်” ဟု သတ်မှတ်လိုက်သည်။
”ရလဒ်အနေနဲ့ကတော့ သာမန်ပြည်သူတွေဟာ နိုင်ငံ တကာ စီးပွားရေးလုပ်ငန်းတွေ၊ ခရစ်ပ်တိုအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့ရပါတယ်။ အဓိက အရောင်းအဝယ်ဌာန (Exchanges) တွေက အီရန်အကောင့်တွေကို ပိတ်ပစ်ကြတယ်၊ နိုင်ငံခြားကုမ္ပဏီတွေကလည်း အီရန်နဲ့ အလုပ်မတွဲချင်ကြတော့ဘူး၊ ကျွမ်းကျင်သူတွေကလည်း အီရန်နိုင်ငံ သားတွေကို သူတို့ရဲ့ ဗဟုသုတတွေ ဝေမျှပေးဖို့ ဝန် လေးလာကြတယ်။ ဒါဟာ သာမန်ပြည်သူတွေ မတတ်သာဘဲ ပေးဆပ်နေရတဲ့ တန်ဖိုးပါပဲ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားသည်။
ယင်းအပြင် စစ်ပွဲစတင်ချိန်မှစ၍ အီရန်အာဏာပိုင်များက အင်တာနက်ကို တင်းကျပ်စွာ ကန့်သတ်ထားခြင်း၊ အစိုးရနှင့် ပတ်သက်သည့် အဖွဲ့အစည်းများအပေါ် ယုံကြည်မှု ကင်းမဲ့ခြင်းနှင့် ဆိုင်ဘာတိုက်ခိုက်မှုများကြောင့် ခရစ်ပ်တို အရောင်းအဝယ်ပြုလုပ်ရန် ပိုမိုခက်ခဲလာခဲ့သည်။
စစ်ပွဲဖြစ်ပွားလာသောအခါ ဘယ်လိုဖြစ်လာသလဲ
စစ်ပွဲနှစ်ခုနှင့် တစ်နိုင်ငံလုံးအတိုင်းအတာ ဆန္ဒပြပွဲများအပါအဝင် နှစ်နှစ်ဆက်တိုက် ဖြစ်ပေါ်ခဲ့သော ရိုက်ခတ်မှုများကြောင့် အီရန်တွင် ခရစ်ပ်တိုလှုပ်ရှားမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်ရေး စတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂ ရက်နေ့အကြားတွင် ခရစ်ပ်တိုပိုင်ဆိုင်မှု စုစုပေါင်း ဒေါ်လာ ၁၀.၃ သန်းခန့် အပြင်သို့ စီးထွက်သွားခဲ့ကြောင်း Chainalysis ၏ အစီရင်ခံစာသစ်တစ်ခုတွင် ဖော်ပြထားသည်။ အဆိုပါ လှုပ်ရှားမှုများအတွင်း အသုံးပြုခဲ့သော ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် အများအပြားမှာ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ဆက်နွှယ်နေသည်ကို တွေ့ရှိရသည်။
“စစ်ဆင်ရေးဖြစ်ပွားပြီးနောက်ပိုင်း ငွေကြေးထုတ် ယူခဲ့တဲ့ ပိုက်ဆံအိတ်(Wallet)အချို့ဟာ IRGC ပိုင်ဆိုင်ကြောင်း သတ်မှတ်ထားတဲ့ ပိုက်ဆံအိတ်(Wallet)တွေ ဒါမှမဟုတ် IRGC ရဲ့ ငွေကြေးတွေကို ကိုင်တွယ်ပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ အပေးအယူမှတ်တမ်းတွေ ရှိနေပါတယ်။ ဒါဟာ စစ်ဆင်ရေးအပြီးမှာ ဖြစ်ပေါ်ခဲ့တဲ့ လှုပ်ရှားမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုဟာ အီရန်အစိုးရရဲ့ ငွေကြေးရွှေ့ပြောင်းမှုတွေ ဖြစ်နိုင်တယ်ဆိုတာကို ပြသနေပါတယ်” ဟု အစီရင်ခံစာက ဆိုသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ဖြစ်ပွားခဲ့သော အစ္စရေး၏ ၁၂ ရက်ကြာ စစ်ပွဲမတိုင်မီကလည်း Nobitex ပလက် ဖောင်းမှ ငွေကြေးစီးထွက်မှု ၁၅၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ခရစ်ပ်တိုရာဇဝတ်မှု စောင့်ကြည့်ရေးအဖွဲ့ TRM Labs က ဖော်ထုတ်ခဲ့သည်။
အသုံးပြုသူ ၁၁ သန်းကျော်ရှိသော အဆိုပါ Nobitex ပလက်ဖောင်းသည် အီရန်နိုင်ငံသားများအား ရီယယ် (Rial) ငွေကြေးကို ခရစ်ပ်တိုအဖြစ် ပြောင်းလဲကာ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်(Wallet)များ အတွင်းသို့ လွှဲပြောင်းနိုင်ရန် ခွင့်ပြုထားသည်။ လက်တွေ့တွင်မူ ဤနည်းလမ်းသည် ကမ္ဘာ့ဘဏ်စနစ်၏ စစ်ဆေးမှုနှင့် ကြီးကြပ်မှုများကို ရှောင်လွှဲ၍ အီရန်နိုင်ငံပြင်ပသို့ ငွေ ကြေးရွှေ့ပြောင်းရန် ပိုမိုလွယ်ကူစေသည်။ ပြီးခဲ့သည့် ဇွန်လက ပထမဆုံးအကြိမ် အမေရိကန်-အစ္စရေး တိုက် ခိုက်မှုဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပင် Nobitex မှ ပြင်ပသို့ ငွေလွှဲပြောင်းမှုပမာဏမှာ ၇၀၀ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ကြောင်း ဘလော့ချိန်းခွဲခြမ်း စိတ်ဖြာရေးလုပ်ငန်း Elliptic က ပြောကြားသည်။
ဇွန်လ ၁၈ ရက်နေ့တွင် Nobitex ၌ သိမ်းဆည်းထားသော ဒေါ်လာ ၉၀ သန်းတန်ဖိုးရှိ ခရစ်ပ်တိုပိုင်ဆိုင်မှုများမှာ ဆိုင်ဘာတိုက်ခိုက်မှုတစ်ခုဖြင့် ခိုးယူခံခဲ့ရသည်။ ယင်းတိုက်ခိုက်မှုကို အစ္စရေးနှင့်ဆက်နွှယ်သည့် Predatory Sparrow အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ် သည်ဟု ယူဆကြပြီး၊ ၎င်းတို့သည် ခိုးယူထားသော ခရစ်ပ်တိုများကို မည်သူမျှ ပြန်လည်အသုံးမပြုနိုင်သည့် (Private Key မရှိသော) ပိုက်ဆံအိတ် (Wallet)အတွင်းသို့ ပို့ဆောင်ကာ ဖျက်ဆီးပစ်ခဲ့သည်။
အီရန်စီးပွားရေးတွင် ခရစ်ပ်တိုငွေကြေး၏ အရေးပါမှုကို ဖော်ပြနေသည့် အချက်တစ်ခုမှာ အီရန်ဗဟိုဘဏ်သည် ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်ဒေါ်လာနှင့် တန်ဖိုးချိတ်ဆက်ထားသည့် USDT (Stablecoin) ဒေါ်လာ ၅၀၀ သန်းကျော်ကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းမှာ “ကမ္ဘာ့ဘဏ်စနစ်ကို ရှောင်လွှဲရန် အဆင့်မြင့်မဟာဗျူဟာတစ်ရပ်ကို အသုံးပြုနေခြင်း” ဖြစ် ကြောင်း Elliptic ၏ ဇန်နဝါရီလ အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် အမေရိကန်ဘက်ကလည်း ယင်းအခြေ အနေကို လိုက်မီရန် ကြိုးပမ်းနေသည်။ ဗုဒ္ဓဟူးနေ့တွင် ခရစ်ပ်တိုငွေကြေး သန်းပေါင်းများစွာကို ပိတ်ဆို့အရေးယူမှု မပြုလုပ်မီ ဇန်နဝါရီလအတွင်းကလည်း ယူကေတွင် မှတ်ပုံတင်ထားပြီး တရားဝင်ခွင့်ပြုချက်မရှိဘဲ ခရစ်ပ်တိုအရောင်းအဝယ်ပြုလုပ်နေသည့် Zedcex နှင့် Zedxion ကုမ္ပဏီနှစ်ခုကို အမေရိကန်နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC)က အရေးယူခဲ့သည်။ ၎င်းတို့သည် အီရန်အား ပိတ်ဆို့အရေးယူမှုရှောင်လွှဲနိုင်ရန် ဘဏ္ဍာရေးဆိုင်ရာ ကူညီပေးမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရသည်။
ခရစ်ပ်တိုငွေကြေးများကို “အကြီးအကျယ်” အသုံး ချနေကြသည်ကို အမေရိကန်နှင့် အခြားနိုင်ငံများမှ စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့များက ပိုမိုနားလည်လာကြပြီဖြစ်သောကြောင့် ယခုကဲ့သို့ အရေးယူမှုမျိုးများ ပိုမိုရှိလာလိမ့်မည်ဖြစ်ကြောင်း သုတေသနပညာရှင် မာတင်က သုံးသပ်ပြောကြားခဲ့သည်။
(Al Jazeera သတင်းဌာနမှ Virginia Pietromarchi ၏ How US and Iran are playing a crypto cat-and-mouse game over sanctions သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
#CryptoWar #USvsIran #Sanctions #Bitcoin #DigitalEconomy #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN