ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၇) တွင်ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲကျင်းပခဲ့

(ပြည်တွင်း) နိုဝင်ဘာ ၄

ရွှေတိဂုံစေတီ ရင်ပြင်တော်ရာဟုထောင့်အောင်မြေတွင် (၃၇) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူ ပူဇော်ပွဲကို သာသနာတော်နှစ် ၂၅၆၉ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ခရစ်နှစ် ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ မသိုး သင်္ကန်းရက်လုပ်ပြိုင်ပွဲကို နှစ်စဉ်ဂေါပကအဖွဲ့က ကြီးမှူး၍ မြန်မာတို့ကိုယ်တိုင် စိုက်ပျိုးထားသော ဝါကို ဗိုင်းငင်ချည်ရစ်ကာ မြန်မာ့ရိုးရာလက်ခက်ရက်ကန်းပညာဖြင့် ရက်လုပ်ရရှိသည့် ပိတ်သားများကို ဝိနည်းတော်နှင့် အညီ ချုပ်လုပ်ပြီး ဘုရားရှင်အား ရည်မှန်းကာ မသိုးရွှေကြာသင်္ကန်းများကို ကပ်လှူပူဇော်ခဲ့ခြင်း ဖြစ်ပါတယ်။

မသိုးသင်္ကန်းရက်ကန်းပြိုင်ပွဲတွင် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့ပေါင်း (၈၄) သင်းရှိသည့်အနက် ဆန္ဒပြုထား သော အသင်းများမှပြိုင်ပွဲဝင်ခွင့်ရသော အသင်း ၉ သင်းသည် ယှဉ်ပြိုင်ရက်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ရက် လုပ်ပြိုင်ပွဲကို ညနေ ၅ နာရီမှ ည ၉ နာရီအထိ အချိန်ကာလ ၄ နာရီကြာ ယှဉ်ပြိုင်ရက်လုပ်ပြီး ရရှိသည့် ပိတ်သား အပေါ်တွင် အထည်အလိပ်ဆိုင်ရာပညာရှင်များက စစ်ဆေးအမှတ်ပေးပြီး ဆုအဆင့်သတ်မှတ်၍ ဆုပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဝိနည်းတော်နှင့်အညီ ညတွင်းချင်းချုပ်လုပ်ပြီး လပြည့်နေ့အရုဏ်မတက်မီ သတ်မှတ်ထားသည့် ဗုဒ္ဓ ရုပ်ပွါးတော် (၉) ဆူတို့တွင် စည်ကားသိုက်မြိုက်စွာ စည်းစည်းလုံးလုံး၊ သိုက်သိုက်ဝန်းဝန်းနှင့် စုပေါင်းလှည့်လည် ပူဇော်ကပ်လှူခဲ့ကြောင်း သိရပါတယ်။

#PAN