တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် အမေရိကန်သမ္မတတို့ ခြောက်နှစ်အတွင်း ပထမအကြိမ်အဖြစ် တွေ့ဆုံ

(နိုင်ငံတကာ) အောက်တိုဘာ ၃၁

တရုတ်သမ္မတ ရှီကျင့်ဖျင် သည် အောက်တိုဘာလ ၃၀ ရက်က တောင်ကိုရီးယားနိုင်ငံ ဘူဆန်ရှိ ဂင်ဟေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ၁၁ နှစ်အတွင်း တောင်ကိုရီးယား နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးကိစ္စရပ်များ ဆွေးနွေး အဖြေရှာခဲ့ကြောင်း သိရသည်။ ခေါင်းဆောင်နှစ်ဦးသည် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင်ကျင်းပသည့် ဂျီ-၂၀ အစည်းအဝေး၌ နောက်ဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံမှုသည် အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်ကြောင်းနှင့် ယခုလိုတွေ့ဆုံခြင်းဖြင့် နိုင်ငံအချင်းချင်းကြား နားလည်မှုလွဲမှားမှု များကို ကာကွယ်သွားနိုင်မည်ဟုယူဆရကြောင်း အာရှလုံခြုံရေးရာ ကျွမ်းကျင်ပညာရှင် ကန်နက်ဝိန်စတိန်း က ပြောကြားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်၏တောင်ကိုရီးယားခရီးစဉ်သည် ၂ဝ၁၄ ခုနှစ် ဇူလိုင်လနောက်ပိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်သည်။ ၂၀၂၅ ခုနှစ်သည် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လည်း ဖြစ်သည်။

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(အေပက်) ထိပ်သီးအစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ မြောက်ဂျောင်ဆန် ပြည်နယ် ဂျုံဂျူးတွင် အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၁ ရက် အထိနှစ်ရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။