ရာဇဝတ်ပစ်ဒဏ်ခံနေရတဲ့ ထောင်ကျတွေနဲ့တော့ တွေ့ဆုံခွင့်ပေးနိုင်ချင်မှပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

(ပြည်တွင်း) အောက်တိုဘာ ၃၀

ရာဇဝတ်မှုကျူးလွန်ပြီး ရာဇဝတ်ပစ်ဒဏ်ခံနေရတဲ့ ထောင်ကျတွေနဲ့တော့ တွေ့ဆုံခွင့်ပေးနိုင်ချင်မှပေးပါလိမ့်မယ်လို့ အာဆီယံဘုံသဘောတူညီချက်တွေနဲ့ပတ်သက်တဲ့ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုလိုက်သလို ဘယ်နိုင်ငံမှာရောတွေ့ဆုံခွင့်ပေးတာရှိလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။

အာဆီယံဘုံသဘောတူညီချက်တွေထဲက နောက်ဆုံးအချက်ဖြစ်တဲ့ အာဆီယံရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့အဖွဲ့က မြန်မာနိုင်ငံကိုသွားရောက်ပြီး သက်ဆိုင်သူ ဘက်ပေါင်းစုံနဲ့ တွေ့ဆုံဖို့ဆိုတဲ့အချက်အပေါ် အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

“အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာ ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်တဲ့ လိုက်လျောနိုင်တဲ့သူတွေနဲ့တွေ့ဆုံနိုင်ရေး အစိုးရအဖွဲ့တွေအပြင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ နိုင်ရေးဆောင်ရွက်ပေးခဲ့ပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့လွတ်လပ်မှု အချုပ်အခြာအာဏာပိုင်ဆိုင်မှု တန်းတူညီတူရှိမှု နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသားရေးလက္ခဏာတွေကို လေးစားလိုက်နာခြင်း အာဆီယံအဖွဲ့ဝင်တွေရဲ့ပြည်တွင်းရေးမှာဝင်ရောက်စွက်ဖက်ခြင်းမရှိတဲ့အခြေခံမူတွေကို အမြဲသတိပြုနိုင်ဖို့ လိုမှာဖြစ်ပါတယ်လို့လည်း သတိပေးစကားဆိုလိုက်ပါသေးတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်ခဲ့ခြင်းမရှိတဲ့အတွက် မြန်မာနိုင်ငံကိုအာဆီယံအစည်းအဝေးမှာ နိုင်ငံရေးအဆင့်ရှိတဲ့လူကိုတက်ရောက်ခွင့်ကနေ ဆက်လက်ပိတ်ပင်ထားပါတယ်။