(ပြည်တွင်း) အောက်တိုဘာ ၂၂
နာဂတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ နာဂလန်းအမျိုးသားဆိုရှယ်လစ်ကောင်စီ – ခါပလန် (NSCN-K (YA)အဖွဲ့က ဗိုလ်ချုပ်အဆင့်ရှိ ဦးပီးယောင် နေအိမ်ကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ဦးပီးယောင် ရဲ့ သားတစ်ဦးသေဆုံးကာ ဦးပီးယောင်နဲ့ ဇနီးအပါအဝင် နေအိမ်ရှိသူ ၇ ဦး ဒဏ်ရာရရှိတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်က PAN ကို ပြောပါတယ်။
အောက်တိုဘာလ ၂၀ ရက်နေ့ ည ၇ နာရီအချိန်ခန့်က လဟယ်မြို့နယ်၊ ကာမွေလောရီကျေးရွာမှာနေထိုင်တဲ့ NSCN(YA)အဖွဲ့က ဗိုလ်ချုပ်အဆင့်ရှိ ဦးပီးယောင် နေအိမ်အား India စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ဗိုလ်ချုပ် ဦးပီးယောင် ရဲ့ သားကြီးနဲ့ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး စုစုပေါင်း ၂ ဦး သေဆုံးတယ် လို့ သိရပြီး ဗိုလ်ချုပ် ဦးပီးယောင် ကတော့ ရင်ဘက်၊ ကျောပြင်နဲ့ လက် တို့မှာ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဇနီးသည်နဲ့ ကိုယ်ရေး အရာရှိ ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အိန္ဒိယ စစ်တပ်ရဲ့ လုပ်ရပ်အပေါ် ရှုတ်ချပြောဆိုခဲ့ပြီး အိန္ဒိယစစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို သူရဲဘောကြောင်တဲ့ လုပ်ရပ်အဖြစ် ပြောဆိုထားပြီး၊ ယခုလိုမျိုးလုပ်ရပ်ဟာ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်တယ်လို့ NSCN-K အဖွဲ့ကတုန့်ပြန်ချက်ကို ဒေသတွင်းသတင်းတစ်ရပ်က ဖော်ပြထားပါတယ်။
အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်က စစ်သွေးကြွအဖွဲ့ NSCN(Yung Aung) အဖွဲ့ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ ၅ ဦးထက်မနည်းသေဆုံးတယ်လို့ Deccan Chronicle အစီရင်ခံစာကိုကိုးကားပြီး Indian Deffence Research Wing အဖွဲ့ကပြောဆိုထားတာလည်း ရှိနေပါတယ်။
အဆိုပါနေရာမှာလှုပ်ရှားနေတဲ့ လုံခြံဒရေးအဖွဲ့တွေဟာ ဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တင်းတင်းကြပ်ကြပ်ထုတ်ပြန်ပြောဆိုထားပေမယ့် ပစ်မှတ်ထားတဲ့စခန်းတွေဟာ အိန္ဒိယလုံခြုံရေးတပ်တွေ မကြာသေးမီက တိုက်ခိုက်ခံရမှုအတွက် တာဝန်ရှိသူတွေကို ခိုလုံခွင့်ပေးထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့က အာသံရိုင်ဖယ်တပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ Arunachal Pradesh မှာရှိတဲ့ Changlang ခရိုင် Manmao အနီးက Assam Rifles ရဲ့ အခြေစိုက်စခန်း (COB) တိုက်ခိုက်ခံရပြီးနောက် အခုလိုလုပ်ဆောင်တာလို့ အဲ့ဒီအဖွဲ့ကပြောဆိုထားပါတယ်။
နာဂတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ နာဂလန်းအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K ရဲ့အဖွဲ့ခေါင်းဆောင် ဦးခပ်ပလန် သေဆုံးပြီးနောက် ဦးယုန်းအောင် ဦးဆောင်တဲ့အဖွဲ့က NSCN(YA)နဲ့ ဦးအန်းမိုင်း ဦးဆောင်တဲ့အဖွဲ့က NSCN(AM) ဆိုပြီး နှစ်ဖွဲ့ကွဲသွားပေမယ့် အဲ့ဒီနှစ်ဖွဲ့လုံးက တပ်မတော်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ဘူးလို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
နာဂလက်နက်ကိုင်အဖွဲ့ (NSCN -K )ဟာ ၂၀၁၂ခုနှစ်မှာ အစိုးရနဲ့ တိုင်းဒေသကြီးအဆင့် အပစ်ရပ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။
#PAN