သတိထားသင့်သော အကျိုးအပြစ်များ

(ဆောင်းပါးကဏ္ဍ) အောက်တိုဘာ ၂၂
နေဇင်လတ်

      ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းမရှိတဲ့စာစုဖြစ်ပါတယ်။ မြန်မာနိုင်ငံအနာဂတ်အတွက် အလေးအနက်စဉ်းစားနိုင်ရန်ကိုသာ ရည်ရွယ်ပါတယ်။ ယနေ့ မျိုး ဆက်များ ပညာနည်းပါးပြီး အဆုံး အဖြတ်မှားခဲ့ရင် အနာဂတ်မျိုးဆက်ပေါင်းများစွာ ပေးဆပ်ကြရပါလိမ့်မယ်။ ထိုဖြစ်ရပ်မျိုးကို ယနေ့ UK, Germany, France စတဲ့ အနောက် နိုင်ငံကြီးများခံစားနေရပြီး ဆုပ်စူး – စားရူးဘဝရောက်နေကြရပါပြီ။

    စနစ်တစ်ခုကို ထိုခေတ်ထိုအခါက အသင့်လျော်ဆုံးအနေနဲ့ ချမှတ်ခဲ့တာပါ။ ကျမ်းရိုးကြီးအတိုင်းလိုက်ပါရင် ခေတ်နဲ့ မလျော်ညီတော့ပါဘူး။ စနစ်ကျောရိုးကိုယူပြီး သင့်လျော်သလိုမွမ်းမံခွင့်ရှိတာကို အထူးသတိပြုရပါလိမ့်မယ်။

Federal ဆိုတာဘာလဲ

    Federal ဖက်ဒရယ်ဆိုတာဟာ ဗဟိုအစိုးရနဲ့ တိုင်းဒေသကြီးတွေအကြား အာဏာခွဲဝေကျင့်သုံးတဲ့အုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်မဟုတ်ပါ (အုပ်ချုပ်ရေးစနစ်ထဲက ပုံစံတစ်ခုသာဖြစ်ပါတယ်)။ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ဂျာမနီစတာတွေက ဖက်ဒရယ်နိုင်ငံတွေ ဖြစ်တယ်။
– အခြေခံအယူအဆက ပူးပေါင်းဆောင်ရွက် သော်လည်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြစ်ပါတယ်။
– ဗဟိုအစိုးရက ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ငွေကြေးစတဲ့ “ဘုံ”ကိစ္စရပ်များကိုတာဝန်ယူတယ်။
– ပြည်နယ်အစိုးရတွေက ဒေသဖွံ့ဖြိုးရေး၊ပညာရေး၊ကျန်းမာရေးစတဲ့ ဒေသတွင်းဆိုင်ရာကိစ္စတွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်။

အရေးကြီးတဲ့မေးခွန်း

    ကာကွယ်ရေးကို ဗဟိုအစိုးရက တာဝန်ယူထားရတဲ့အတွက် ပြည်နယ်တွေက လက်နက်ကိုင်တပ်ဖွဲ့တွေကို ထားလို့မရပါဘူး။ အရပ်ဘက်လုံခြုံရေးအတွက် “ရဲ”တပ်ဖွဲ့လောက်ပဲ ရှိရပါတော့မယ်။ ဒီနေ့ ဖက်ဒရယ်တောင်းဆိုနေကြတဲ့ ပြည်နယ်၊ တိုင်းတွေက လက်နက် ကိုင် အဖွဲ့အစည်းတွေအားလုံး လက်နက်စွန့်ကြဖို့ လိုပါလိမ့်မယ်။

    ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကို အပြိုင် အဆိုင်လုပ်ကြရမှာ ဖြစ်ပါတယ်။ ရပိုင်ခွင့် Right ရှိသလို Responsibility ဆိုတဲ့ တာဝန်ယူမှုလည်း ရှိလာရပါမယ်။

    ဒီနေ့အမေရိကန်မှာ “တရားမဝင်” ဝင်ရောက်သူတွေပြဿနာအကြီးအကျယ်တက်နေပါတယ်။ ဖက်ဒရယ်ပြည်နယ်တွေက ကောင်းကောင်း မတားဆီး၊ မပိတ်ပင်နိုင်တဲ့အတွက် ဗဟိုအစိုးရက National Guards တွေလွှတ်ပြီး ဖမ်းဆီးနေရတယ်။ ဗဟိုနဲ့ပြည်နယ်အစိုးရ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာတယ်။ ဒီအချက်ကိုလည်း အလေးအနက်ထည့်ပြီးစဉ်းစားရပါလိမ့်မယ်။

ကောင်းတာဆိုးတာနှစ်ဖြာ

    ဘယ်အရာမှာမှ ခြောက်ပစ်ကင်း သဲလဲစင်မရှိပါဘူး။ အကောင်းအဆိုးရောပြွမ်းနေကြတယ်။ အဆိုးနည်းနိုင်သမျှ နည်းအောင်ပဲရွေးကြရပါလိမ့်မယ်။ ဖက်ဒရယ်ရဲ့ Advantage တွေကတော့ –
– ဒီမိုကရေစီ ရှင်သန်စေတယ်
– ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတယ်
– အလုံးစုံအာဏာကို ဗဟိုက ချုပ်ကိုင်မှုမရှိဘူး
– ပြည်နယ်အချင်းချင်း ယှဉ်ပြိုင်မှုတွန်းအားဖြစ်စေ
– ကိုယ့်ဒေသတွင်း ပြဿနာတွေကို ထိရောက်အောင်ဖြေရှင်းနိုင်တယ်

    ဖက်ဒရယ်ရဲ့အားနည်းချက် Dis-advantage တွေကတော့ –
– အုပ်ချုပ်ရေးရှုပ်ထွေးတယ် ကုန်ကျစရိတ်များလာတယ်
– ပြည်နယ်တွေအကြား မညီမျှမှုတွေ များလာမယ်
– ညှိနှိုင်းဆောင်ရွက်မှု ခက်ခဲလာတယ်(ဗဟိုနဲ့ ပြည် နယ်ကြား)
– နိုင်ငံတစ်ခုလုံး စံချိန်စံညွှန်းတွေတစ်သမတ် တည်း မဖြစ်တော့ဘူး
– ပြည်နယ်အချင်းချင်း ပဋိပက္ခတွေ ပိုများလာမယ် (နယ်နိမိတ်၊ ရေအရင်းအမြစ် စသည်များ)

    ဖက်ဒရယ်စနစ်ကိုသွားရင် ဘယ်လိုသောကောင်းတဲ့အချက်တွေကို ကျင့်သုံးပြီး ဘယ်အချက်တွေကို ရှောင်ရှားမှာလဲက အရေးကြီးဆုံးအဆုံးအဖြတ်နဲ့ ရွေးချယ်မှု ဖြစ်လာပါတယ်။

Confederation ဆိုတာဘာလဲ

    ကွန်ဖက်ဒရေးရှင်းဆိုတဲ့ တောင်းဆိုမှုတွေရှိလာတာကိုလည်း တွေ့ရတယ်။ ကွန်ဖက်ဒရေးရှင်းဆိုတာ ဘာလဲကိုလေ့လာဆန်းစစ်ဖို့လိုပါလိမ့်မယ်။ Confederation ရဲ့အဓိပ္ပာယ်က (အချုပ်အခြာ အာ ဏာပိုင်ပြည်ထောင်စု)လို့အဓိပ္ပာယ်ရတယ်။ အချုပ် အခြာအာဏာပိုင် ပြည်နယ်၊ နိုင်ငံတွေအသီးသီးရှိကြပြီး အချုပ်အခြာအာဏာရဲ့အဓိကအစိတ်အပိုင်းကိုစွန့်လွှတ်ခြင်း မရှိပဲ)စုပေါင်းအဖွဲ့အစည်းဖြစ်ပါတယ်။ဥပမာ-ကိုယ်ပိုင်ကာကွယ် ရေးတပ်၊ကိုယ်ပိုင်ငွေကြေး၊ကိုယ်ပိုင်နိုင်ငံခြားရေးမူဝါဒ(ဒီနေရာမှာတင်ဗဟိုအစိုးရနဲ့ လုံးဝကင်း လွတ်သလောက်ဖြစ်သွားပါပြီ။ အချိန်မရွေးသီးခြားနိုင်ငံထူထောင်လို့ရတဲ့ အခြေအနေပါ။
– (အခြေခံအယူအဆ)က ဗဟိုထက် ပြည်နယ်များရဲ့ အာဏာနဲ့လုပ်ပိုင်ခွင့်က ပိုမိုကြီးမားခြင်း၊ (ဗဟိုအစိုးရက ရုပ်သေးအစိုးရအလိုလိုဖြစ်သွားခြင်း) ဘာနဲ့အလားသဏ္ဌာန်သွားတူသလဲဆိုရင် NATO အဖွဲ့အစည်းလိုပါပဲ။ NATO မှာ အမေရိကန်က ဗဟိုချက်မ ဖြစ်ပါတယ်။ အမေရိကန်ကို မကျေနပ်တဲ့အခါမှာ ”အမေရိကန်ကို ဆန့်ကျင်ပြီး ကျန်နိုင်ငံတွေက ယူကရိမ်းကို သီးခြားစစ်ရေးအကူအညီပေးတယ်။NATO အထဲမှာကိုက UK, France, Germany တွေက သီးခြားအဖွဲ့အစည်းသဘောထပ်ဖြစ်လာတယ်။(အချိန်မရွေး NATO ပြိုလဲကျသွားနိုင်ပါတယ်)ဒီအချက်က အဓိကထား စဉ်းစားရမယ့်အချက်ဖြစ်လာတယ်။

    Confederation à Advantage တွေက-
– ပြည်နယ်တွေက အချုပ်အခြာအာဏာကို အပြည့်အဝ ထိန်းသိမ်းထားနိုင်ခြင်၊
– ဗဟိုအစိုးရမှာ အာဏာရှင်စနစ်ပေါ်ပေါက်နိုင်ခြေနည်းပါးစေခြင်း
– ဒေသဆိုင်ရာ တီထွင်ဆန်းသစ်မှ အားကောင်းခြင်း
– စုပေါင်းလုံခြုံရေး၊ စုပေါင်းစီးပွားရေးအကျိုး ခံစားခွင့်

    Confederation ရဲ့ Disadvantage တွေက –
– ဗဟိုအစိုးရ အားနည်းသွားစေတယ်
– အားလုံးသဘောတူတဲ့ မူဝါဒချမှတ်ဖို့ခဲယဉ်းလာတယ်။ (ညွန့်ပေါင်းအစိုးရမျိုးနဲ့ နှိုင်းယှဉ်နိုင်)
– ပြည်နယ်အချင်းချင်း ပဋိပက္ခဖြစ်ရင် ဖြေရှင်းဖို့ခက်ခဲတယ်။ ကျူးကျော်သိမ်းပိုက်မှုတွေအထိ ဖြစ်လာနိုင်တယ်။
– နိုင်ငံတစ်ခု စံချိန်၊ စံညွှန်းတစ်ခုအဖြစ် သတ်မှတ်လို့ မရတော့။
– နိုင်ငံတကာဆက်ဆံရေးမှာ အလွန်အားနည်းသွားတယ်။
– အကြီးမားဆုံးအားနည်းချက်က အချိန်မရွေးခွဲထွက်လို့ ရသွားတယ်။

    Confederation အုပ်ချုပ်မှုစနစ်ကိုနောက်ပိုင်းဘယ်နိုင်ငံကမှ မကျင့်သုံးကြတော့ပါဘူး။ အကြောင်းက နိုင်ငံတစ်ခုမှာ အရေးအကြီးဆုံးဖြစ်တဲ့ “ခွဲထွက်ခွင့်” ကို အချိန်မရွေးလုပ်ဆောင်နိုင်လို့ ဖြစ်ပါတယ်။ ဗဟိုအစိုးရကရုပ်သေးရုပ်သာသာဖြစ်သွားတာမို့ ပြည်နယ်တွေအားလုံးခွဲထွက်သွားနိုင်တာက Confederationရဲ့ အကြီးဆုံးအားနည်းချက်ဖြစ်ပါတယ်။

ခေတ်သစ်နဲ့ Confederation

    တစ်ချိန်တုန်းက အုပ်ချုပ်ရေးပုံစံကိုအကောင်းဆုံးဖြစ်အောင်စဉ်းစားကြတဲ့ အချိန်မှာ Confederation ကစနစ်တစ်ခု အဖြစ်ပါဝင်ခဲ့ပါတယ်။ တချို့နိုင်ငံတွေကျင့်သုံးပြီး အန္တရာယ်ရှိမှန်းသိလာတဲ့ အခါမှာ ပြန်စွန့်လွှတ်သွားခဲ့ကြတယ်။ ဥပမာ – Swiss ဆိုရင် Confederation ကို အမည်ခံပေမယ့် Federal စနစ်ကိုပဲ ကျင့်သုံးနေတာ တွေ့ရတယ်။ (တရုတ်၊ ရုရှား၊ ဗီယက်နမ်တို့လို ကွန်မြူနစ်အမည်ခံပေမယ့် ဈေးကွက်စီးပွားရေးကို ကျင့်သုံးသလိုမျိုးပါ)

    အမေရိကန်မှာ (၁၇၈၁ – ၁၇၈၉) ရှစ်နှစ်လောက်ကျင့်သုံးခဲ့ဖူးတယ်။ Articles of Confederal အရ အမေရိကန်ကို စတင်တည်ထောင်ကာစမှာ အသုံးပြုခဲ့ပေမဲ့ နောက်ဆုံး စွန့်လွှတ်လိုက်ပြီး Federal စနစ်ကိုပဲ ပြောင်းလဲကျင့်သုံးသွားတယ်။ အမေရိကန်ဟာ ၁၇၇၆ လွတ်လပ်ရေးရပြီး ငါးနှစ်အကြာမှာ ကျင့်သုံးခဲ့တာပါ။

    ခေတ်သစ်မှာ Confederation စနစ်ကို ဘယ်နိုင်ငံကမှမကျင့်သုံးတော့ပါဘူး။ အလွယ်တကူနိုင်ငံရဲ့အချုပ် အခြာ ပျောက်ဆုံးသွားနိုင်လို့ ဖြစ်ပါတယ်။ စစ်ရေးအုပ်စု၊ စီးပွားရေးအုပ်စု (NATO, Common Wealth) စတာတွေမှာတော့ ကျေနပ်မှုမရှိရင် ခွဲထွက်ခွင့်ရအောင် Confederation ပုံစံကျင့်သုံးပါတယ်။ နိုင်ငံတွေမှာ မကျင့်သုံးတော့ပါဘူး။

နှစ်ခုကြားက ဇာပဝါပါး

    Confederation ကိုတော့ လုံးဝမထောက်ခံပါ။ အချိနိမရွေး နိုင်ငံရဲ့အချုပ်အခြာနယ်မြေ ဆုံးရှုံးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ Federal ကိုလည်း ထောက်ခံခြင်း၊ကန့်ကွက်ခြင်းမရှိပါဘူး။ အချုပ်အခြာ မဆုံးရှုံးစေမယ့် Federalမျိုးကိုတော့ ထောက်ခံပါတယ်။ တစ်ခုသတိထားရမှာက သရဲကြီးတော့ သဘက်ဖြစ်ပြီး စုန်းကြီးရင် ကဝေဖြစ်တတ်တဲ့ သဘောကိုသိထားရမှာပါ။ Federal မှာ အာဏာကိုဘယ်လိုခွဲဝေမှာလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လောက် လွယ်လွယ်နဲ့ပြင်ဆင်နိုင်မှာလဲ၊ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေမပြောနဲ့ Amendment တစ်ခုတောင်ပြင်ဖို့မလွယ်လှပါဘူး။

    Federal & Confederation ကြားမှာ ဆီစိမ် စက္ကူထက်ပိုပါးတဲ့ အလွှာလေးပဲ ရှိပါတော့တယ်။ ဒီလိုပဲ Confederation နဲ့ အချုပ်အခြာ ဆုံးရှုံးမှကြားမှာလည်း ဆံခြည်တစ်မျှင်စာမျှ မရှိတော့ပါဘူး။

   ပညာကို အခြေမခံပဲ ပေါ်ပြူလာကို အခြေခံတဲ့ရွေးကောက်ပွဲတွေမှာ တက်လာတဲ့ လွှတ်တော်အမတ်မင်းတွေ ပညာနည်းပါးပြီး အနာဂတ်ကို ကောင်း ကောင်း မတွေးနိုင်ကြရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခပ်လွယ်လွယ်ခပ်တိမ်တိမ်အသိနဲ့ပြင်လိုက်တာကြောင့် အနာဂတ်မှာ နိုင်ငံအစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ရင် ပြန်စုစည်းနိုင်ဖို့ဆိုတာ အိပ်မက်ထဲမှာတောင်ဖြစ်နိုင်ဖွယ်ရာ မရှိတော့ပါဘူး။

    Federal စနစ်ဆိုတာ အုပ်ချုပ်ရေးစနစ်တစ်ခုပါ။ ဘယ်လောက်အထိ အာဏာပေးမှာပါလဲ။ Federal ရင့်လာရင် Confederate ကို အလွယ် တကူ ကူးပြောင်းသွားနိုင်တယ်ဆိုတဲ့ အချက်ကို သတိအကြီးဆုံးထားဖို့ လိုပါလိမ့်မယ်။

Case study –

    အမေရိကန်ပြည်ထောင်စုဟာ ၁၇၇၆ မှာ လွတ်လပ်ရေး ရတယ်။ အကောင်းဆုံး အုပ်ချုပ်ရေးစနစ်ကိုစဉ်းစားကြရင်းနဲ့ Confederation ကို (၁၇၈၁-၈၉)မှာ ကျင့်သုံးခဲ့တယ်။ အန္တရာယ်ရှိလို့ ပြန်စွန့်လွှတ်ခဲ့တယ်။ ၁၈၆၁ ကျတော့သမ္မတကြီးလင်ကွန်းက ကျွန်စနစ်ကို ဖျက်သိမ်းလိုက်တာကြောင့် တောင်ပိုင်းပြည်နယ် ၁၁ ခုက စုပေါင်းပြီး CSA-Confederate States of America ကြေညာခွဲထွက်လိုက်တယ်။ အဲ့ဒီအချိန်မှာ အမေရိကန်ဟာ ၁၃ ပြည်နယ်ပဲရှိပါသေးတယ်။

    နောက်ဆုံး စစ်ခင်းကြရပါတော့တယ်။ဗဟိုအစိုးရက နိုင်သွားတာကြောင့် ဒီနေ့အမေရိကန်ဟာ ပြည်နယ် ၅ဝ အထိဖြစ်လာရတာပါ။ လေ့လာကြည့်ရင် Federal အုပ်ချုပ်ရေးစနစ်မှာတင် ထွက်ခွင့်တောင်းသွားတာကိုတွေ့ရမှာပါ။ ဒါကြောင့် ပြည်နယ်တွေမှာကာကွယ်ရေးလက်နက် ကိုင်တပ်(ရဲတပ်ဖွဲ့မဟုတ်)ထားရှိရေး၊မထားရှိရေးကအလွန်စကားပြောလာပါတယ်။

    Federal အုပ်ချုပ်ရေးစနစ်လို့ ပြောတာနဲ့ကိစ္စကပြီးမသွားပါဘူး။ နိုင်ငံပြိုကွဲမယ့်အထိ အာဏာမပေးမိဖို့လိုပါတယ်။ စီးပွားရေးရပိုင်ခွင့်တွေကိုပေးတာ ကောင်းပါတယ်။ ပိုပြီး တိုးတက်စေပါတယ်။ ဒါကြောင့် Federal လို့ပြောရင် အာဏာဖြန့်ခွဲမှုဒီဂရီ အတိုင်း အတာကအရေးကြီးလာပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး ဖက်ဒရယ်အဆင့်ကို သတ်မှတ်ဖို့ လိုပါတယ်။ အထူးသဖြင့် မြန်မာ နိုင်ငံဟာ လူမျိုးစွဲ၊ ဒေသစွဲ၊ စိတ်ခံစားမှ အားကြီးတဲ့နိုင်ငံ ဖြစ်လေတော့ ပိုပြီးသတိထားရမှာ ဖြစ်တာကြောင့် ထောက်ပြလိုပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

    ဆန့်ကျင်ဘက် ဖြစ်တဲ့အချိန်မှာ ၂ဝဝ၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို သုံးမရအောင် ဝေဖန်ကြတယ်။ အစိုးရဖြစ်ပြီး အာဏာရလာတဲ့အခါမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘုရားစင်တင်ပြီး ရှိခိုးမတတ် ကျေးဇူးတင်ကြပြန်ရော။ ဘာကြောင့်လဲ။

    ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ Transitioning ဆိုတဲ့အသွင်ကူးပြောင်းရေးမှာ အန္တရာယ်မရှိ အသွင်ကူးပြောင်းနိုင်ဖို့ ရေးဆွဲထားတယ်ဆိုတာကို ဘာကြောင့် ဥပဒေသမားတွေမသိကျိုးကျွန်ပြုခဲ့ကြပြီး အတ္တကြီးမားကြရတာလဲ၊ ကိုယ့်အလှည့်ကျတော့ ၂၀၀၈ – ခြေဥကို ဘာကြောင့် ချစ်သွားကြရတာလဲ၊

    ၂၀၀၈ ခြေဥမှာ Federal Right တွေ ပေးထားပါတယ်။ သေချာခွဲခြမ်းစိတ်ဖြာကြည့်ရင် Respon -sibility ကို တောင်ပေးတာနဲ့ ညီမျှအောင် တောင်းထားတာ မတွေ့ရပါဘူး။ နေရာတိုင်းမှာ Right & Respon -sibility ဆိုတာရှိပါတယ်။ တစ်ကျပ်ဖိုးပေးပြီး ငါးမူးဖိုးတောင်းမထားတာကို ဘာကြောင့် မတွေ့ကြရပါသလဲ။

    လူသားအားလုံး ငယ်စဉ်အသိ မကြွယ်သေးခင်မှာ မိဘရဲ့ ဆိုဆုံးမမှု အောက်မှာရှိကြသူတွေချည်းပါ။ အရွယ်ရောက်ရင့်ကျက်လာတဲ့အခါမှာ အုပ်ထိန်းမှုအောက်က လွတ်မြောက်ကြရတာ သဘာဝတရားပါ။ ၂၀၀၈ – ခြေဥကိုရင့်ကျက်တဲ့အထိကျင့်သုံးပြီးမှ ပြင်ကြရင်မကောင်းဘူးလား (မပြင်ရလို့ မဆိုလိုပါ။ အရေးကြီးတာတွေ ပြင်မိမှာစိုးလို့သာပါ။)

#PAN