အောင်မြင်မယ့်သူ

(ဆောင်းပါးကဏ္ဍ) အောက်တင်ဘာ ၁၉
ဦးဦးနိုင်

နိဒါန်း

    လူလူချင်းအတူတူ ကံချင်းမတူ၊ ဉာဏ်ချင်း မတူ၊ ဘဝအကျိုးပေးခြင်းလည်း မတူကြဘူးဗျာ။ တကယ်တော့ ရုပ်လှသူ၊ လူချစ်လူခင်များသူဟာ ယခင်ဘဝမေတ္တာစိတ်ထားရှိခဲ့လို့ပါပဲ။ အရုပ်ဆိုးအကြည့်တန်သူကတော့ ယခင်ဘဝယခုဘဝဒေါသ၊ မာနလွန်ကဲခက် ထန်ခဲ့လို့ပဲဖြစ်ပါတယ်။ သူ့အကြောင်းနဲ့ သူ အကျိုး ဆက်ဖြစ်ပေါ်တာမို့ ဘယ်သူမပြု မိမိမှုဆိုတဲ့ လောကနိယာမ (ကမ္မနိယာမ)တရားရဲ့သဘာဝပါ။

    ပြီးခဲ့တဲ့ အတိတ်ကံကိုတော့ပြန်ပြင်ချင်လို့မရပါ။ ရရှိလာတဲ့အခြေအနေအတိုင်းသာ လက်ခံရမှာပဲ။ နောင်မှပြုပြင်မယ်လို့ အနာဂတ်အတွက်ကြံရွယ်ချက် ရှိပေမယ့်လည်း ဘာမှတော့ ကောင်းကျိုးမရနိုင်ပါဘူး။ တကယ်အကျိုးရစေမှာကတော့ ယခုပစ္စုပ္ပန်လက်ငင်းအချိန်မှာပဲ သက်ဆိုင်တဲ့ကောင်းရာ ကောင်းမှတွေကိုအချိန်မဆိုင်းပြုလုပ်မယ်ဆိုရင်အနှေးနဲ့ အမြန်ကံကောင်းလာမှာသေချာပါတယ်။ ကံအဟုန်သတ္တိတွေက ညောင်စေ့လောက်လှူပေမယ့် ညောင်ပင်လေးလောက်အရိပ်အေးကိုပေးတတ်တာလည်းရှိတတ်တယ်လေ။ ထီမထိုးဘဲနဲ့တော့ ထီမပေါက်နိုင်ဘူးပေါ့။ အလှူမှာဝေတဲ့ ထီလက်မှတ်ဖြစ်စေ၊ လမ်းပေါ်မှာကောက်ရတဲ့ထီလက်မှတ်ကပေါက်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ လှံထမ်းလာတာ မြင်ရတယ်။ ကံထမ်းလာတာကိုတော့ ဘယ်သူမှ မမြင်နိုင်ခဲ့ကြပါဘူးလေ။

အမတ်လောင်း

    သာမန်ထက်အောင်မြင်မယ့် လူတွေကတော့ ထီထိုးနေကြပြီလားမသိပါ။ ပါတီစုံဒီမိုကရေစီစနစ်မှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ နိုင်ငံရေးသမားများဟာ လွှတ်တော်အဆင့်မှာ ဥပဒေ ပြုအာဏာကို တာဝန်ယူကြရမယ့် ပြည်သူ့ကိုယ်စား လှယ်ကြီး(အမတ်)များ ဖြစ်လာကြမှာပါ။

    သူတို့ပါတီကအင်အားများမယ်ဆိုရင် အစိုးရအဆင့်မှာလည်း ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး၊ ဝန်ကြီးချုပ်စသဖြင့် နိုင်ငံရေး အာဏာအပြင်ဌာနဆိုင်ရာ တာဝန်ခံရတဲ့ အုပ်ချုပ်ရေးအာဏာလည်းရကောင်းရနိုင်တာပေါ့။ တာဝန်ကြီးတွေထမ်းဆောင်ကြရမှာဖြစ်တဲ့အတွက် လစာ၊ ရိက္ခာ၊ အဆောင် အယောင်၊ ထောက်ပံ့မှု၊ နေစရာ၊ စီးစရာစတဲ့ အခွင့် အရေးတွေလည်း ကျွဲကူးရေ ပါခံစားခွင့်ရှိလာမှာပေါ့။ ပြည်သူလူထုက ဆန္ဒမဲပေးပြီးရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ ပြည်သူကိုကိုယ်စားပြုပြီး ပြည်သူရဲ့ ကောင်းကျိုးအတွက် အမှန်တကယ်ဆောင်ရွက်အကောင်အထည်ဖော်သူ ခေါင်း ဆောင်ကောင်းဖြစ်ဖို့တော့လိုတာပေါ့။

     သူထမ်းဆောင်ရမယ့်တာဝန်တွေကို ရှေ့က ရွေးကောက်ပွဲမှာ အရွေးခံရပြီး တာဝန်ယူသွားခဲ့ကြတဲ့ ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးတွေ၊ သူတို့ရဲ့အားသာချက်၊ အားနည်းချက်တွေ ကြိုတင်လေ့လာပြင်ဆင်ထားကြမယ်လို့ မျှော်လင့်ရပါတယ်။ ပြည်သူ လူထုကို မဲဆွယ်ပွဲ၊ တွေ့ဆုံပွဲ၊ ဟောပြောပွဲတွေနဲ့လာရောက်ဟောပြောထိတွေ့ကြပါလိမ့်မယ်။ ဘယ်ပါတီကိုယ်စားလှယ်လောင်းက မဲပေးတင်မြှောက်ရွေးချယ်လောက်အောင်တော်ပုံရသလဲ၊ ကောင်းပုံရသလဲ မဲဆန္ဒရှင်ပြည်သူတွေက အကဲခတ်ကြည့်ကြပေါ့၊ပြောတာဆိုတာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အပြုအမူ၊ အပြော အဆိုကတစ်ဆင့် သူ့ရဲ့အမူအကျင့်၊ သူ့ရဲ့ အရည်အသွေး၊ သူ့ရဲ့ယုံကြည်ချက်၊ ခံယူချက်၊ မျှော်မှန်းချက်စတဲ့ အရာတွေကို ကြားရမြင်ရ နှိုင်းယှဉ်သိရှိကြရမှာပါ။

လူတိုင်းမှာအားသာချက်အားနည်းချက်တော့ရှိမှာပဲ။ ခြောက်ပြစ်ကင်း၊ သဲလဲစင်ဆိုသူမျိုး ဘယ်ရှိမလဲ။ အကောင်းလည်းရှိမှာပဲ။ အဆိုးလည်းရှိနိုင်တာပဲ။

    ဘယ်သူမဆိုတော်တာလည်းရှိလိမ့်မယ်။ ညံ့တာလည်း ရှိပေလိမ့်မယ်။ လူထဲကလူတွေပဲလေ။ သဘာဝပြောတာပါ။

သတ်မှတ်ချက်

    ဒါဆိုရင်ဘယ်စံတွေနဲ့တိုင်းတာရမှာလဲ။ ပထမလား ဘယ်အကြိမ်လဲ၊ ဒုတိယအကြိမ်လွှတ်တော်တုန်းက စာတောင် သင်ပုန်းကြီးအက္ခရာချောမောအောင် ဖတ်မပြတတ်တဲ့ အမတ်မျိုးကိုတော့ ယခုတတိယအကြိမ်လွှတ်တော်မှာတော့ မပါသင့်ဘူး။

    Ph.D,M.A,MSc ဘွဲ့လွန်၊ ဘွဲ့ရ၊ အဆင့်မြင့် ပညာဒီဂရီတစ်ခုခုရသူ ဆိုရင်တော့ သူ့ရဲ့ပညာအရည် အချင်းကိုလေးစားတန်ဖိုးထားခြင်းအားဖြင့် မဲပေးဖို့စဉ်းစားသင့်ပါရဲ့လေ။သို့ပေမယ့် နိုင်ငံရေးသမားဟာ အတန်းပညာအနိမ့်အမြင့်နဲ့ချည်း နှိုင်းယှဉ်စဉ်းစားဖို့လည်း မပြည့်စုံသေးပါဘူး။

    အခြေခံပညာအလယ်တန်းအဆင့်၊ အခြေခံပညာအထက်တန်းအဆင့်အောင်တယ်ဆိုရင်ပဲ စဉ်းစားသင့်တယ်ထင်တာပဲ။ ဘာလို့ညှာညှာ တာတာပြောနေရတာလဲဆိုတော့ နယ်စွန် နယ်ဖျား၊ တိုင်းရင်းသားကျေး လက်တောရွာလေးတွေက လူငယ်များအတွက်အထက်တန်းပညာ၊တက္ကသိုလ်ပညာသင်ယူနိုင်ဖို့အခွင့်အရေးနည်း ပါးခဲ့ကြလို့ပါ။ ဗမာလူမျိုးမဟုတ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်းစတဲ့တောင်ပေါ်တိုင်း ရင်းသားတွေအတွက် အတန်းပညာကန့်သတ်ချက်ထားသင့် မထားသင့်ဆိုတာ စာရင်းဇယားပညာနဲ့ သုတေသနလုပ်ပြီး ချင့်ချိန်စဉ်းစားသင့်တာပါ။

အခြေအနေမှန်

    ပကတိအချက်အလက်အပေါ်အခြေမခံဘဲ နီးစပ်ရာစံနမူနာ ကောက်ယူတွေ့ရှိချက်လောက်နဲ့မြင့်လွန်းတဲ့စံဖြစ်စေ၊ နိမ့်လွန်းတဲ့စံဖြစ်စေ၊ မဆုံး ဖြတ်သင့်ဘူးထင်တာပဲ။အခြေအနေမှန် တစ်ဦးတစ်ယောက်ရဲ့စိတ်ကူးပေါ်ရာ အတိုင်းမဆုံးဖြတ်ဘဲညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်နိုင်ခွင့်ရတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဒါ့ကြောင့်အများပြည်သူကောင်းကျိုးအတွက်၊ အများပြည်သူကျေနပ်ထောက်ခံရေးဆွဲခဲ့ကြတဲ့ မိမိတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင့်သုံးနေကြတာပဲလေ။ တစ်ပါတီအာဏာရှင်စနစ်မျိုးဖြစ်စေ၊ တစ်သင်းတစ်ဖွဲ့ကပြည်သူက တင်မြှောက်သူမဟုတ်ဘဲ ကာလအကန့်အသက်မရှိစိုးမိုးခြယ်လှယ်တာမျိုးမရှိစေရအောင် မိမိတို့အမျိုးသားတပ်မတော်က ဒီမိုကရေစီစနစ်၊ ပါတီစုံ ဒီမိုကရေစီစနစ်ကိုအားလုံးသိမြင်ကြတဲ့အတိုင်းကာကွယ်ထိန်းသိမ်းပေးခဲ့ရတာပဲလေ။

     အကယ်၍သာ တပ်မတော်ကအာဏာသိမ်းခဲ့ရင် ဆက်ပြီး ၁ဝဝ ရာခိုင်နှုန်းလက်နက်ကိုင်အာဏာနဲ့ပဲ ဆုပ်ကိုင်ရယူသွားမှာပေါ့။ နိုင်ငံရေးနားမလည်၊ ဥပဒေကို မသိကြ သူအချို့ (သိပါလျက်နဲ့ တမင်လိမ်ညာကောက်ကျစ်စွာအပြစ်ရှာ ပုတ်ခတ်ချင်သူနိုင်ငံရေးလုပ်စားသူ၊ မီဒီယာလုပ်စားသူတို့က မဟုတ်မမှန်ဝါဒဖြန့်တဲ့အာဏာ သိမ်းတယ်တို့ စစ်အာဏာရှင်တို့ ခေါ်ဝေါ်သုံးစွဲတာမျိုးတွေကြောင့်) နားယောင်အထင်လွဲခဲ့ကြသေးတယ်။ လေးငါးနှစ်အချိန်ကြာလာမှ သဲသဲကွဲကွဲထင်ထင်ရှားရှားနားလည်သိမြင်လာသူတွေလည်းရှိပါတယ်။

နားမယောင်သင့်

    နိုင်ငံရေးဗဟုသုတမှာ အမှန်အမှားခွဲခြားတတ်ရပါမယ်။ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ် နည်းတွေကို …။

မျက်မှောက်ခေတ်

    ယနေ့ အချိန်ကာလဟာ သာမန်ရေစီးကြောင်းနဲ့မတူတဲ့ ကမ္ဘာ့စီးပွားရေး၊ ကမ္ဘာ့နိုင်ငံရေး၊ ကမ္ဘာ့စစ်ရေး၊ နိုင်ငံတကာသံတမန်ရေး၊ ဆက်ဆံရေးများအားလုံးလျင်မြန်တဲ့ အရှိန်အဟုန်နဲ့ ပြောင်း လဲနေချိန်ဖြစ်ပါတယ်။ ကမ္ဘာ့အခြေအနေအရပ်ရပ်ရဲ့အနေအထားအပြောင်းအလဲတွေဟာ အမှန်အတိုင်း ပကတိအခြေ အနေအတိုင်းသိမြင်ကြရတာများရှိသလို ဖုံးကွယ်မှု၊ လိမ်ညာမှု၊ ပုံကြီးချဲ့မှုများ၊ လှည့်စားမှုအမျိုးမျိုးနဲ့အဟုတ်မှတ်ထင်ယုံစားအောင်လှည့်ဖျားမှုတွေ။ သတင်းတာတွေပဲ။ မှားတွေလုပ်ကြံချက်တွေပွက်လော ရိုက်နေကြတာလည်း ကြားရမြင်ရတယ်။
အချို့အချက်တွေကအမှန်ပဲ။
အချို့အချက်တွေက မဟုတ် မမှန်တာတွေပဲ။

    ဘယ်လိုခွဲခြားသိနိုင်သလဲဆိုရင်တော့ စီးပွား ရေး၊ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ဆက်ဆံရေးအခြေအနေတွေရဲ့ အတိတ်သမိုင်းကြောင်းက … အကြီးအသေး၊ အလေးအပေါ့၊ အဖော့အသိ၊ ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ပြီးမှပကတိဖြစ်ရပ်ဟာ အကြောင်းအကျိုးဆက်စပ်မှုအရ ဘယ်ဟာကအမှန်ဘယ်အရာကအမှား (မျက် နှာဖုံးစွပ်ထားတာ၊ လှည့်စားဖုံးကွယ်ထားတာ၊ သူ့ လူကိုယ့်ဘက်သား ပုံဖျက်ထားခဲ့တာ စသဖြင့် ထောင် ချောက်တွေ၊ ကျုံးသွင်းတာတွေ)သိနိုင်ပါတယ်။ ကမ္ဘာ့ပထဝီဝင်၊ ကမ္ဘာ့သမိုင်းဖြစ်စဉ်၊ နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှုနောက်ခံကားများကို နားမလည်ခဲ့ဘဲ သူတစ်ပါးယုံကြည်အောင်နားသွင်းတာ အဟုတ်ထင်သွားမိရင်ချောက်ချားနိုင်ပါတယ်။ အဲသလောက်ရှုပ်တယ်။

သတိနဲ့စောင့်ကြည့်

    အခြေအနေများက လျင်လျင်မြန်မြန်ပြောင်းလဲနေလို့သတိနဲ့စောင့်ကြည့်လေ့လာရမယ့် အချိန် အခါဖြစ်ပါတယ်။ ဆယ်စုနှစ်ပြောင်းလဲမှုမျိုးဖြစ်ရပ်တွေမဟုတ်ပါဘူး။ ရာစုခေတ်နဲ့ချီလောက်တဲ့ ကြီးမားပြင်းထန်တဲ့သမိုင်းကြောင်းအသစ်ကို နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ အင်အားချိန်ခွင်လျှာသိသိသာသာကြီးပြောင်းလဲနေဆဲကာလ အချိန်မျိုးဖြစ်ပေတယ်။

    အဲသလို နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှုတွေက ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၂ဝဝ လောက်ကို တစ်နည်းမဟုတ်တစ်နည်းရိုက်ခတ်နိုင်ပါတယ်။ အနည်းနဲ့အများကိုင်လှုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေကြတဲ့ အရှေ့ဘက်က ထိုင်းနိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲ၊ အနောက်ဘက်က ရှိတ်ဟာစီနာမှ မိုဟာမက်ယူနွတ်သို့ အပြောင်းအလဲ၊ လတ်တလော အင်ဒိုနီးရှားနိုင်ငံမှာ လူငယ်ထုမငြိမ်မသက်မှု၊ နီပေါနိုင်ငံလူငယ်များရဲ့ မြို့ပေါ်မှာဆန္ဒပြဆူပူမှုစတဲ့ အခြေ အနေများဟာမတော်တဆပေါ်ပေါက်လာကြတာ (လုံးဝ)မဟုတ်ပါ။

     နောက်ကွယ်က အကြောင်းတရားတွေအား ပြိုင်မှုတွေ အများကြီးရှိနိုင်တယ်ဆိုတာ နားလည်ဖို့လိုတယ်။ ပြည်သူလူထုအကျိုးအတွက်ဆောင် ရွက်ကြဖို့ရာ ပြည်သူ့ကိုယ်စားလှယ်လောင်းအနေနဲ့ အရွေးချယ်ခံကြမည့်အမတ်လောင်းတွေဟာ သာမန်လူတွေထက် ဗဟုသုတအကြားအမြင်ပြည့်စုံသင့်ပါတယ်။ အကြား အမြင်မယ်။ စာကြည့်တိုက်ကိုသုံးတတ်ရမယ်။ဗဟုသုတရှိဖို့ရာ စာများများဖတ်ရပါ

မိတ်ဆွေကောင်းများ

    စာအုပ်တိုင်းကိုဖတ်ဖို့ မလိုပါဘူး။ စိတ်ကြည်နူးမှုကိုပေးတဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာ၊ လင်္ကာစာအုပ်တွေလည်းအချိန်ရရင်ဖတ်ချင်ဖတ်ပါ။ ရသစာပေက နှလုံး သားကိုနူးညံ့စေပါတယ်။ ကမ္ဘာကျော်ဝတ္ထုရှည်ကြီးများကိုလည်း (နိုင်ငံ တကာက လူတွေနဲ့စကားပြောရတဲ့အခါ ညံ့ရာမကျအောင်) မူရင်းဖြစ်စေ၊ ဘာသာပြန်ဖြစ်စေ၊ ဖတ်ထားသင့်ပေတာပဲ။ ငတုံးငဒူတွေမထင်အောင်ပေါ့။

    စာမဖတ်ရင်တော့ ပြည်ပက လူတွေနဲ့ ဆွေးနွေးတဲ့အခါ အူတူတူအတတဖြစ်ကျန်ရစ်ခဲ့မှာပဲ။ စာကောင်းပေကောင်းတွေနဲ့ရင်းရင်းနှီးနှီးဖတ်ထားပြီးသူမှသာ နိုင်ငံတကာကူးလူးဆက်သွယ်နေကြရတဲ့ ခေတ်မျိုးမှာလူရာဝင်နိုင်ပေလိမ့်မယ်။

    သုတစာပေကိုလည်း ဘာသာရပ်ဆိုင်ရာခက်ခဲဝေးလံတာတွေစာအုပ်အထူကြီးတွေ စကိုင်နိုင်မှာမဟုတ်လို့ အားငယ်စရာမဟုတ်ပါ။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ အထူးသဖြင့် တရုတ်ပညာရှိစစ်သူကြီးဆွန်ဇု(ဘီစီ ၅၄၄ – ၄၉၆)ရေးသားခဲ့တဲ့ စစ်ပညာ၊ လက်ရှိ ကာလရောဘတ်ဂရင်းရေးတဲ့ လူ့သဘော လူ့သဘာဝ(The Law of Human Nature)၊ အာဏာ(Power)စတဲ့စာအုပ်မျိုးကိုတော့ ဝယ်ဖတ်ရန်အခက်အခဲရှိခဲ့ရင်လည်း စာကြည့်တိုက်များမှာ ရှာဖွေလေ့လာမှတ်သားသင့်ပါတယ်။

    ကိုယ်နဲ့လက်တွဲလုပ်ရမယ့်သူတွေ၊ ကိုယ်နဲ့ယှဉ် ပြိုင်ရင်ဆိုင်၊ စကားနိုင်လုရမယ့် လူတွေက အဲသလို စာအုပ်မျိုးတွေဖတ်ထား၊ သိထားတယ်။ ကိုယ်ကကြားတောင်မှ မကြားဖူးဘူးဆိုရင်တော့ တိုက်ပွဲက မတိုက်ခင်ကတည်းက ရှုံးနေတာမျိုး ဖြစ်ပေမှာပဲ။ လူထုခေါင်း ဆောင်ဆိုတာမျိုးဟာ သာမန်လူအများထက် ခေါင်းတစ်လုံးစာပိုမြင့်မှ ဟိုးအဝေးကိုကျော်ပြီးမြင်နိုင်မယ်မဟုတ်လား။

ဖတ်ပါ

    စာများများဖတ်ခြင်း၊ ပညာကြီးသူများနှင့်တွေ့ဆုံမေးမြန်းနားထောင်ခြင်း၊ ဆရာတော်သံဃာတော်ကြီးများရဲ့ တရားတော်တွေကိုနာကြားခြင်းတို့ဟာ အမြင်ကျယ်စေတယ်။ အမြင်ကျဉ်းတဲ့လူဟာ ခေါင်းဆောင်မဖြစ်လာနိုင်ပါဘူး။

    လူထုဆက်ဆံရေးစွမ်းရည်မြင့်မားဖို့လိုအပ်ပါတယ်။ အဟောအပြောလည်းကောင်းရမယ်။ အရေးအသားလည်းတတ်ကျွမ်းရမယ်။ လွှတ် တော်ထဲမှာ ဥပဒေပြုအာဏာရယူရတဲ့တာဝန် ထိုင်ခုံမှာ ထိုင်ရမယ်လေ။ သူများပြောတာကို ချင့်ချိန်ဝေခွဲတတ်တဲ့ စွမ်းရည်ရှိသလိုကိုယ်တိုင်ကလည်းထက်မြက်ထိရောက်တဲ့ အကြံသစ် ဉာဏ်သစ်၊ အစီအစဉ်ကောင်း၊ လမ်းကြောင်းလမ်းသစ်ကိုရှာဖွေ ဆွေးနွေးနိုင်ရမယ်မဟုတ်လား။

နိဂုံး

    အလျဉ်းသင့်လို့ဖော်ပြရရင် ROBIN SHARMA ရော်ဘင်ရှားမားရေးသားခဲ့တဲ့ The Leader Who Had No Title “(ခေါင်းဆောင် ဖြစ်ဖို့ရာထူးမလိုပါ)ဆိုတဲ့ စာအုပ်ထဲက သူ ရေး ထားတာလေး သဘောကျမိလို့ မျှဝေပါရစေ။ အောင်မြင်ချင်တဲ့လူမှာ ဒီငါးချက်လိုအပ်ပါတယ်တဲ့-
(၁) I   = Innovation ဆန်းသစ်တီထွင်မှု
(၂) M = Mastery ကျွမ်းကျင်ပိုင်နိုင်မှု
(၃) A  =  Authenticity စစ်မှန်မှု(အတုမဟုတ်)
(၄) G  = Guts သတ္တိများ
(၅) E  =  Ethics ကျင့်ဝတ်သိက္ခာ၊ စရဏတရား
IMAGE = ပုံရိပ်သွင်တဲ့။

PAN