ဝ ပြည်နယ်လိုချင် ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ထဲလာဖို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပြော

(ပြည်တွင်း) အောက်တိုဘာ ၁၈

ဝ ပြည်နယ်လိုချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ရမှာဖြစ်ပြီး ရွေးကောက်ပွဲလုပ်ရမယ်လို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA ၁၀ နှစ်ပြည့်အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။

“သူတို့ရဲ့လိုလားချက်က ဝ ပြည်နယ်လိုချင်တယ်။ ဝ ပြည်နယ်လိုချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ရမယ်။ ရွေးကောက်ပွဲလုပ်ရမယ်။ အဲ့ဒီဒေသမှာဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်ကြိမ်မှရွေးကောက်ပွဲမလုပ်ခဲ့ဘူး။ ပထမပိုင်းမှာသဘောတူသယောင်နဲ့ နောက်ပိုင်းမှာ သဘောတူညီမှုမရခဲ့ဘူး” လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ဟာ UWSA လက်နက်ကိုင်အဖွဲ့ ဝ ထိန်းချုပ်ရာပန်ဆန်းမြို့ကိုသွားရောက်ခဲ့ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့ ဒီထိန်းချုပ်ဒေသမှာရှိတဲ့ အချို့သောနေရာတွေမှာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့ ဆွေးနွေးခဲ့ပေမယ့် ဝ ဘက် လက်ခံခဲ့တာမရှိဘူးလို့သိရသလို ဩဂုတ်လ (၇)ရက်၊ မနက်ပိုင်းကလည်း  မိုင်းလားမြို့ကိုသွား ရောက်ကာ NDAA က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

“ဝ နဲ့မိုင်းလားတို့ကိုဆွေးနွေးတယ် ဆွေးနွေးတဲ့အချိန်မှာ သူတို့ရဲ့လိုလားချက်က ဝ ပြည်နယ်လိုချင်တယ်။ ဝပြည်နယ်လိုချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ရမယ် လွှတ်တော်ထဲဝင်ပြီးတောင်းဆိုပါ ရနိုင်ခြေက ဘာတွေရှိတယ်။ ဘယ်နေရာတွေရှိတယ် သေခြာရှင်းပြတယ်။ လာတက်ရောက်တဲ့သူတွေကအကုန်သဘောပေါက်တယ်။ သူတို့ခေါင်းဆောင်ကိုရှင်းပြတဲ့အခါကြတော့ သူတို့ခေါင်းဆောင်ကသဘောမတူတဲ့အနေအထားဖြစ်တဲ့အတွက် ဆက်ပြီးတော့ တိုးလို့မရနိုင်တဲ့အနေအထားဖြစ်ပါတယ်” လို့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုထားပါတယ်။

၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ‘ဝ’အထူးဒေသ (၂)အတွင်း ရွေးကောက်ပွဲတွေအပြည့်အဝ ကျင်းပနိုင်ခဲ့တာမရှိခဲ့တာကိုလည်း မှတ်တမ်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က “ဝ” အဖွဲ့ရဲ့လော်ဘီသတင်းဌာနတစ်ခုဖြစ်တဲ့ Wa News Land သတင်းဌာနကဖော်ပြတဲ့သတင်းတစ်ရပ်မှာတော့ ဝ ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့နဲ့ ပန်လုံမြို့တွေမှာ ရွေးကောက်ပွဲ အကြောင်းပြချက်နဲ့ လူထုစည်းရုံးတာတွေ၊ မဲဆွယ်စည်းရုံးတွေမပြုဖို့တား “ဝ” အဖွဲ့ ကတားမြစ်ထားပြီး ခုလိုပြုလုပ်တာတွေတွေ့ရှိခဲ့ရင် ဝ တရားစီရင်ရေးဌာနကို တိုင်ကြားဖို့ဆိုပြီး ဖော်ပြခဲ့တာတွေ့ရပါတယ်။

#PAN