
(နိုင်ငံတကာ)မေ ၃၀
အမေရိကန်နှင့် အီရန်တို့အကြား ပဋိပက္ခများကို အဆုံး သတ်နိုင်မည့် သဘောတူညီချက်ရရှိရေး အလားအလာသည် စစ်ပွဲကာလ ၉၂ ရက်မြောက်နေ့ဖြစ်သည့် သောကြာ နေ့အထိ မရေ မရာ ဆက်လက်ရှိနေဆဲဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ သဘောတူညီချက်အပေါ် ၎င်းအနေဖြင့် “နောက်ဆုံး ဆုံးဖြတ်ချက်” ချမှတ်သွားမည်ဟု ပြောကြားခဲ့သော်လည်း၊ အီရန်ဘက်ကမူ လက်ရှိအချိန်အထိ တိကျသည့် နားလည်မှုတစ်စုံတစ်ရာ မရရှိသေးကြောင်း တုံ့ပြန်ထားသည်။
အီရန်၏ ထိပ်တန်းဆွေးနွေးညှိနှိုင်းရေးမှူး မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် က တီဟီရန်အနေဖြင့် မည်သည့်သဘောတူညီချက်ကိုမဆို စကားလုံးများထက် အမေရိကန်၏ လက်တွေ့လုပ် ဆောင်ချက်များဖြင့်သာ အကဲဖြတ်သွားမည်ဖြစ်ပြီး၊ ဝါရှင်တန်ဘက်က စတင်ခြေလှမ်းမလှမ်းပါက မိမိတို့ဘက်ကလည်း မည်သည့်အလျှော့ပေးမှုမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မာအေးလ် ဘာဂါအီ ကလည်း ထရမ့်၏ တောင်းဆိုချက်များကိုသာ အခြေခံသည့် ချဉ်းကပ်ပုံနှင့် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုများကို တရားမဝင်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။ အိမ်ဖြူတော် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုခန်းမ (Situation Room) တွင် အစည်းအဝေးများ ပြုလုပ်ခဲ့သော် လည်း၊ ဟော်မုဇ်ရေလက်ကြား ကန့်သတ် ချက်များ လျှော့ချရေးအပါအဝင် တိကျသည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
တစ်ချိန်တည်းမှာပင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် က စင်ကာပူနိုင်ငံ ရှန်ဂရီလာဆွေးနွေးပွဲတွင် အမေရိကန်အနေဖြင့် ကာကွယ်ရေးကဏ္ဍ၌ ဒေါ်လာ ၁.၅ ထရီလီယံ ရင်းနှီးမြှုပ်နှံပြီး စစ်ဘက်လုပ်ငန်းများကို သမိုင်းဝင် တိုးချဲ့သွားမည်ဟု ကြေညာခဲ့သည်။ ၎င်းက မဟာမိတ်နိုင်ငံများအနေဖြင့် ၎င်းတို့ ဂျီဒီပီ၏ ၃.၅ ရာခိုင် နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် မသုံးစွဲပါက ဝါရှင်တန်နှင့် ဆက်ဆံရေး ပြောင်းလဲသွားနိုင်ကြောင်း သတိပေးခဲ့ပြီး၊ အီရန်၏ နျူကလီးယား ရည်မှန်း ချက်ကို ဆက်လက်တားဆီးသွားမည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကလည်း ၎င်းတို့၏ တပ်ဖွဲ့များသည် ဒေသတစ်ဝန်းလုံးတွင် “အမြဲရှိနေပြီး နိုးနိုးကြားကြား ရှိနေသည်” ဟု ပြောကြားခဲ့ပြီး ဒေသတွင်း ကင်းလှည့်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အရှေ့အလယ်ပိုင်းဒေသ ကောင်းကင်ယံတွင် ကင်းလှည့်ပျံသန်းနေသည့် F-16 တိုက်လေယာဉ်တစ်စင်း၏ ဓာတ်ပုံကို မျှဝေခဲ့သည်။
အခြားတစ်ဖက်တွင် ဒေသတွင်း စစ်ရေးအခြေအနေမှာ ပိုမိုပြင်းထန်လာပြီး၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းရှိ လီတာနီမြစ်ကို ဖြတ်ကျော်ကာ မြောက်ဘက် နာဘာတီးယားအနီးသို့ အောင် မြင်စွာ စစ်မျက်နှာတိုးချဲ့ ချီတက်နိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အဆိုပါ စစ်ဆင်ရေးတိုးချဲ့မှုကြောင့် လက်ဘနွန်နိုင်ငံ ဘေရုမြို့နှင့် ဘီကားတောင်ကြားဒေသများသို့ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုကျရောက်လာနိုင်ဖွယ် ရှိနေသည်။ သောကြာ နေ့က ဖြစ်ပွားခဲ့သော အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လက်ဘနွန်အရပ်သား အများအပြား ထပ်မံသေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews
#PAN