
(ပြည်တွင်း) အောက်တိုဘာ ၁၆
ငြိမ်းချမ်းရေးဆိုတာ စတင်ဆွေးနွေးကတည်းကအတိုင်းတော့ ဘယ်သောအခါမှ ရာခိုင်နှုန်း မိမိလိုအင်ဆန္ဒမရနိုင်ဘူး။ ၁၀၀ ရာခိုင်နှုန်းရဖို့ဆိုရင်တော့ အပြတ်ရှင်း ၊ အပြုတ်ရှင်းနည်းပဲ ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
မနေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ NCA (၁၀)နှစ်ပြည့် အခမ်းအနားနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“နိုင်ငံရေးမှာ ကွက်လပ်မရှိဖို့အတွက် ဒီမိုကရေစီစနစ်ကို ပြန်လည် အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့ ရွေးကောက်ပွဲဆောင်ရွက်နေတာရှိတယ်။ ရွေးကောက်ပွဲဟာ အလုံးစုံအတွက် အဖြေမဟုတ်ဘူးဆိုတာ သိပါတယ်။ ငြိမ်းချမ်းရေးနဲ့လည်း တွဲရမှာဖြစ်ပါတယ်။ အဲ့တော့ ငြိမ်းချမ်းရေးမှာ ကွက်လပ်တစ်စုံ တစ်ရာမရှိဖို့ ဘာလိုတုန်းဆိုတော့ အမြဲတမ်းတွေ့ဆုံနေဖို့။ အမြဲတမ်း ဆွေးနွေးနေဖို့။ အောင်မြင်တဲ့ အကောင်အထည်ဖော်နိုင်ဖို့ လိုမယ်လို့ထင်တယ်။ ဟုတ်ပြီ။ အမြဲတမ်းတွေ့ ဆုံဖို့ အမြဲတမ်း ဆွေးနွေးဖို့ အောင်မြင်တဲ့အကောင်အထည်ဖော်နိုင်ဖို့ဆိုတာသည် ငြိမ်းချမ်းရေးဆိုတာ စတင်ဆွေးနွေးကတည်းကအတိုင်းတော့ ဘယ်သောအခါမှ ၁၀၀ ရာခိုင်နှုန်း မိမိလိုအင်ဆန္ဒမရနိုင်ဘူး။ ၁၀၀ ရာခိုင်နှုန်းရဖို့ဆိုရင်တော့ အပြတ်ရှင်း ၊ အပြုတ်ရှင်းနည်းပဲ ရှိတယ်လို့ NCA (၁၀)နှစ်ပြည့်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးဆောင်ရွက်တဲ့နေရာမှာ ဒီအခွင့်အရေးကိုလိုချင်တဲ့သူတွေကလည်း ရသင့်ရထိုက်တာ၊ ဖြစ်သင့်ဖြစ်ထိုက်တာကို တောင်းဖို့လိုသလို၊ အခွင့်အရေးကိုပေးမယ့်သူတွေကလည်း ဥပဒေစာအုပ်ကိုကိုင်ပြီး ပုလိပ်စစ်စစ်နေလို့တော့မဖြစ်နိုင်ဘူး။ ဥပဒေစာအုပ်ကို လှန်ကြည့်ပြီးဒါနဲ့မညီဘူး၊ ဟိုဟာနဲ့ မညီဘူးဆိုပြီး ပုလိပ်စစ်စစ်နေလို့ကတော့ မဖြစ်နိုင်ဘူး။ ဒါတွေသည် အလျှော့အတင်းနဲ့၊ တကယ့်ကို ငြိမ်းချမ်းလိုတဲ့ ဆန္ဒနဲ့သွားမှဖြစ်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။
NCA (၁၀)နှစ်ပြည့်ကိုမတက်ရောက်တဲ့ လက်မှတ်ထိုးတဲ့အဖွဲ့ရော၊ မထိုးတားတဲ့အဖွဲ့တွေကို ဘာများပြောစရာရှိပါသလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက NCA စာချုပ်ဟာ နိုင်ငံတကာအသိသက်သေတွေရှေ့မှာ အားလုံးက EAO တွေရဲ့ သဘောတူညီချက်ပေါ့နော်၊ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် သူတို့ပြော သလိုပဲ NCA စာချုပ်က စက္ကူစုတ်တစ်ခုဖြစ်သွားစရာလည်း အကြောင်းမရှိဘူး။ ဒီအဖွဲ့ အစည်းတွေရှိနေသမျှ ကာလပတ်လုံး NCA စာချုပ်၊ NCA ရဲ့ ကတိပြုချက်က ရှိနေတာဖြစ်မယ်။ NCA ဆိုတာသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတဲ့၊ ငြိမ်းချမ်းရေး ဆိုတဲ့ဟာတစ်ခုတည်းနဲ့တင် မဟုတ်ပါဘူး။ သူသည် နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည် တည်ဆောက်ရေးအထိပါတဲ့အတွက် သူတို့ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဒီလုပ်ငန်းစဉ်တွေသည် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြီးသည် ခုနကကျွန်တော်ပြောသလို မရှိတာထက်၊ ရှိတဲ့ဟာက ပိုကောင်းတယ်။ ရှိပြီးသားဟာ အပေါ်မှာပဲ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုပြုပြင်မွမ်းမံကြမလဲဆိုတာကို တွေးခေါ်ကြံဆဖို့အတွက် ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ် သူကဆိုပါတယ်။
(NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို UN EU ထိုင်း အန္ဒိယ တရုတ်စတဲ့ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ အစိုးရဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေ၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေတက်ရောက်ခဲ့ကြသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ABSDF, CNF နဲ့ KNU တို့ တက်ရောက်တာမရှိပေမယ့် ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကုန်တက်ရောက်လာတယ်လို့ ညှိနှိုင်းရေးကော်မတီက ပြောပါတယ်။