
(ပြည်တွင်း) အောက်တိုဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံစက်မှုဇုန်တွင် လက်ရှိ၌ လည်ပတ်နေသည့် စက်ရုံ၊ အလုပ်ရုံပေါင်း ၄၆ ရုံ ရှိလာပြီး ဒေသခံတိုင်းရင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၃၀ ကို ဖန်တီးပေးထားနိုင်ပြီ ဖြစ်ကြောင်း ဘားအံစက်မှုဇုန်ကြီးကြပ်ရေးကော်မတီမှ သိရပါတယ်။
ဒါ့အပြင် တည်ဆောက်ဆဲနှင့် အသစ်တည်ဆောက်မှုများပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်းများ ထပ်မံတိုးမြှင့်ရရှိနိုင်မှာဖြစ်ကြောင်း၊ လက်ရှိမှာလည်း နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဘားအံ-လှိုင်းဘွဲ့ ကားလမ်းဘေးရှိ ဘားအံစက်မှုဇုန်၊ ဇုန်အမှတ်(၂)မှာ လယ်ယာသုံးစက်နှင့် စက်ကိရိယာပစ္စည်း အမျိုးမျိုးထုတ်လုပ်သည့် စက်ရုံတစ်ရုံ၏ အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းကို အောက်တိုဘာလ ၉ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါစက်ရုံများပြီးစီးပါက ဒေသခံတောင်သူများ အနေဖြင့် အရည်အသွေးမြင့်ကုန် ပစ္စည်းများကို ဈေးနှုန်းသက်သာစွာနှင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် ရည်ရွယ်ကြောင်းနှင့် လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် စက်ရုံစတင်လည်ပတ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
အလားတူ တန် ၁၀၀ ထုတ်လုပ်နိုင်သည့် ဆန်စက်လုပ်ငန်းများ၊ သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ဆဲ လုပ်ငန်းများလည်းပါဝင်သလို အဆိုပါ ဆန်စက်လုပ်ငန်းများအနေဖြင့်လည်း ဒေသတွင်းစပါးများကို ဝယ်ယူကြိတ်ခွဲ၍ ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချသွားမှာဖြစ်ပြီး ဆန်စက်ထွက်စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးမွေးမြူရေးစွန့်ပစ်ပစ္စည်း များ စတာတွေကို အသုံးပြု၍ သဘာဝမြေဩဇာကိုလည်း ထုတ်လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
လက်ရှိတွင် ဘားအံစက်မှုဇုန်၌ လည်ပတ်နေသည့်စက်ရုံ၊ အလုပ်ရုံပေါင်း ၄၆ ရုံ နှင့်အတူ တည်ဆောက်ဆဲ စက်ရုံအလုပ်ရုံပေါင်း ၂၉ ရုံရှိပြီး၊ တည်ဆောက်ဆဲစက်ရုံများနှင့် အသစ်ထပ်မံတည်ဆောက်မည့်စက်ရုံများ ပြီးစီးပါက ဒေသခံတိုင်းရင်းသားပြည်သူအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။