မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို မြှင့်တင်ကာကွယ်သွားမည်

(ပြည်တွင်း) အောက်တိုဘာ ၁၄

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်ဆွေးနွေးခဲ့မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အောက်တိုဘာလ ၁၃ ရက်က ယုတ္တိမရှိတဲ့ စွပ်စွဲမှုများကို ကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ အဆင့်ဆင့်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲရလဒ်အရ အနိုင်ရရှိလာမည့် နိုင်ငံရေးပါတီထံ နိုင်ငံ့တာဝန်ကိုပုခုံးလွှဲပြောင်းပေးအပ်ပြီး မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးတို့ကို ဆက်လက်ဆောင်ရွက်ပြီး မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို မြှင့်တင်ကာကွယ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးကောင်စီ၏ ဆွေးနွေးမှုများနှင့် အစီရင်ခံစာများတွင် စိစစ်အတည်ပြုနိုင်ခြင်းမရှိသော အချက်အလက်များကို အများအားဖြင့်အသုံးပြုထားပြီး မြန်မာအစိုးရအပေါ် ထပ်တလဲလဲ စွပ်စွဲချက်များသာ ပါဝင်နေ ကာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုတွင်ဖြစ်ပေါ်နေသောအခြေအနေများကို လက်တွေ့ကျကျ၊ ဘက်လိုက်မှု ကင်းကင်းနဲ့ ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်သုံးသပ်ခြင်းမပြုဘဲ ဘက်လိုက်ကာ တစ်ဖက်စောင်းနင်း အချက်အလက်များကိုသာ အမှန်အဖြစ်ယူဆဆောင်ရွက်နေဆဲဖြစ်သည်ဟု ထုတ်ပြန်ရေးသားခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်များနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ ဆွေးနွေးချက်များကို ပြတ်သားစွာကန့်ကွက်ပယ်ချပြီး နိုင်ငံတော်ကဆက်လက်ဆောင်ရွက်နေတဲ့ လုပ်ငန်းများကို မျက်ခြည်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ရေးသားထားပါတယ်။