(မှုခင်း) နိုဝင်ဘာ ၂၆
မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်နေသည့် ကွန်ရက်ကို ဖော်ထုတ်စစ်ဆေးရာ စိတ်ကြွဆေးပြား ၁၉ ဒသမ ၅ သိန်းနှင့် ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလို၊ စုစုပေါင်းတန်ဖိုး ကျပ် ၅ ဒသမ ၃၂၄ ဘီလီယံရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်ရှိ မနှင်းနှင်းဦး(ခ)ဂျပန်မ၏ နေအိမ်ကို စစ်ဆေးရာ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို ဖမ်းဆီးရမိခဲ့သည်။
ယင်းနောက် အောက်တိုဘာ ၂၉ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျရွာနေ မိုးထက်အောင်(ခ)မိုးထက်ကို ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုနှင့် NISSAN TIIDA ယာဉ်တစ်စီး၊ အမရပူရမြို့နယ်တွင် အေးချိုကို ဘိန်းဖြူ ၂၂ ကီလိုနှင့် ဆိုင်ကယ်တစ်စီးတို့ဖြင့် ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်ဖော်ထုတ်ရာ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရေးတွင် ပါဝင်သူများဖြစ်သည့် စောကဲဘလူးမူးနှင့် မဖြူဖြူဝင်းတို့ကို ကလေးမြို့၌လည်းကောင်း၊ မအိအိကျော်(ခ)အိကျော်နှင့် ထက်ပိုင်မှူး(ခ)ထက်ပိုင်တို့ကို ပြည်ကြီးတံခွန်မြို့နယ်၌လည်းကောင်း၊ အောင်ခိုင်စိုး(ခ)သားထူးကို ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ရှိ ဟိုတယ်တစ်ခု၌လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
မိုးထက်အောင်၏ ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၌ နောင်နောင်ကို စိတ်ကြွဆေးပြား ၁ သိန်းနှင့် သုံးဘီးယာဉ်တစ်စီးအတူ ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၄ ရက်တွင် ချမ်းမြသာစည်မြို့နယ်၌ ရာဇာလင်းနှင့် ဆုအောင်တို့ကိုလည်းကောင်း၊ ထင်ကျော်(ခ)ကျော်ကြီးကို ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၆ ရက်တွင် ကျော်ဇင်ထွေးကို ဆိုင်ကယ်တစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်များအရ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုံခြုံရေးအဖွဲ့ဝင်များသည် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာအနီးတွင် ကလေးမြို့သို့ ပို့ဆောင်ရန် သိုဝှက်ထားသည့် စိတ်ကြွဆေးပြား ၁၈ ဒသမ ၅ သိန်းကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ယင်းဆေးပြားများ သယ်ဆောင်ခိုင်းသူ အောင်အောင်(ခ)ဘကြီးအောင်ကို နိုဝင်ဘာ ၈ ရက်တွင် ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့သည်။
အလားတူ နိုဝင်ဘာ ၁၇ ရက် ညနေ ၄ နာရီခွဲတွင် အမရပူရမြို့နယ်၊ ရှားတောလေးရွာအနီး၌ လှိုင်နေထွန်းနှင့် ထွန်းမင်းလတ်တို့ကို CANTER ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၂ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်စပ်ဖော်ထုတ်ချက်အရ မဦးမြာနှင့် ဝဏ္ဏထွန်းတို့ကို အောင်မြေသာစံမြို့နယ်၌လည်းကောင်း၊ မစန်းစန်းအေးနှင့် စောလှထူးတို့ကို ပြည်ကြီးတံခွန်မြို့နယ်၌လည်းကောင်း၊ ဘိန်းဖြူများ သယ်ဆောင်ခိုင်းသူ သားချိုဝင်း(ခ)ကိုသားကြီး(ခ)ကိုသားကို ဇေယျာသီရိမြို့နယ်၌ TOYOTA KLUGER ယာဉ်တစ်စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးမှုဖြစ်စဉ်တစ်လျှောက် စိတ်ကြွဆေးပြား ၁၉ ဒသမ ၅ သိန်းနှင့် ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလို၊ စုစုပေါင်း ကျပ် ၅ ဒသမ ၃၂၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ စိတ်ကြွဆေးပြားများကို မန္တလေးမှ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ရန် စီစဉ်သူမှာ တမူးမြို့နေ လားရီအဲ(ခ)သားကြီး(ခ)အဲငါဖြစ်ပြီး ၎င်းအား ဖမ်းဆီးရန် ကျန်ရှိနေကြောင်း သိရသည်။
ဘိန်းဖြူများကို ပင်လောင်းမှ မန္တလေးသို့ သယ်ဆောင်ပြီး မန္တလေးမှတစ်ဆင့် ကလေးမြို့သို့ ဆက်လက်ပို့ဆောင်ရောင်းဝယ်ရန် စီစဉ်သူမှာ ဖယ်ခုံမြို့နယ်နေ တင်ဝင်း(ခ)ကံဦးဖြစ်ပြီး၊ ၎င်း၏စီမံမှုဖြင့် ဖယ်ခုံမြို့နယ်နေ မိုးကျော်(ခ)မိုးအောင်က သယ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ၎င်းတို့အား ဖမ်းဆီးရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကျန်ရှိသည့် ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်စစ်ဆေးနေကြောင်း သိရသည်။
ထို့ပြင် မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN