(ပြည်တွင်း) စက်တင်ဘာ ၂၉

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးဖြစ်သူအား စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က အကြမ်းဖက် CDF အဖွဲ့က လက်ကိုင်ဖုန်းဖြင့် အကြမ်းဖက်ခြိမ်းခြောက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးဖြစ်သူ ဒေါ်နမ်းခန့်ဆွင်းသည် မြို့နယ်စုပေါင်းရုံးအတွင်း တာဝန်ထမ်းဆောင်နေစဉ် အကြမ်းဖက် CDF အဖွဲ့ဝင် တစ်ဦးက ၎င်း၏ လက်ကိုင်ဖုန်းအား ဖုန်းအမှတ် ၀၉-၄၂၄၆၉၂၈၁၄ ဖြင့် ခေါ်ဆို၍ အကြမ်းဖက်ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်း တစ်ဦးအား ဖုန်းဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်စီးစေရန် ရည်ရွယ်၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဆက်ကြေးတောင်းခံခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက် ရှိပါသည်။