
(နိုင်ငံတကာ) စက်တင်ဘာ ၁၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ စတန်းစတက်လေဆိပ်သို့ စက်တင်ဘာလ ၁၆ ရက် နှောင်းပိုင်းက ရောက်ရှိခဲ့သည်။ နိုင်ငံတော်ဧည့်သည်အဖြစ် ဗြိတိန်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် လာရောက်ခြင်းလည်းဖြစ်သည်။
လေဆိပ်တွင် အမေရိကန်သမ္မတ ထရမ့် နှင့် သမ္မတကတော် မယ်လာနီယာ တို့ကို ချားလ်ဘုရင်၏ ကိုယ်စားလှယ်တစ်ဦးက ကြိုဆိုခဲ့သည်။
ချားလ်ဘုရင်နှင့် ယခင်ကတည်းက မိတ်ဆွေများဖြစ်ကြပြီး ဗြိတိန်သို့ ဒုတိယအကြိမ်ဖိတ်ကြားခြင်း ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထရမ့် က ပြောသည်။
ချားလ်ဘုရင်နှင့် မိဖုရား ကင်မီလာ တို့သည် စက်တင်ဘာလ ၁၇ ရက်တွင် ဝင်ဆာရဲတိုက်၌ အမေရိကန် သမ္မတ ထရမ့် တို့ ဇနီးမောင်နှံကို ကြိုဆိုခဲ့သည်။
စက်တင်ဘာလ ၁၈ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာ နှင့် အမေရိကန်သမ္မတ ထရမ့် တို့ တွေ့ဆုံကြမည်ဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် ဉာဏ်ရည်တု(အေအိုင်)၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းနှင့် ကွမ်တမ်ကွန်ပျူတာအပါအဝင် အဆင့်မြင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရန် အမေရိကန်နှင့်ဗြိတိန်တို့ လက်မှတ်ရေးထိုးဖွယ်ရှိသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။