
(မှုခင်း) စက်တင်ဘာ ၁၈
အသက် ၁၀ နှစ်အရွယ် Grade 4 ကျောင်းသားတစ်ဦးကို ကျူရှင်ဆရာမက မီးပူနဲ့ကပ်တဲ့ဖြစ်စဉ်တစ်ခု မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်မှာ စက်တင်ဘာလ ၁၇ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ပေါင်မြို့၊ မိုးနိုင်းရပ်ကွက် အမက မြိုင်သာယာမှာပညာသင်ကြားနေတဲ့ (ဘ) ဦးမျိုးဇော်ရဲ့သား ထွန်းလင်းအောင် အသက် ၁၀ နှစ်ကို ဗညားဒလလမ်းမှာနေထိုင်တဲ့ ကျူရှင်ဆရာမက မီးပူနဲ့ကပ်လိုက်တာလို့လည်း သိရပါတယ်။
ကလေးငယ်ကဆိုးလို့ဆိုကာ ကျူရှင်ဆရာမက မီးပူနဲ့ကပ်ပြီး ဆုံးမတာလို့ ဖြစ်စဥ်သိတဲ့ ဒေသခံတွေကပြောဆိုထားသလို အဲဒီဖြစ်စဉ်ကို ကလေးငယ်ကျူရှင်ကပြန်လာမှ မိသားစုကသိရတာကြောင့် ဆေးခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကလေးရဲ့မိခင်ဟာ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ အလုပ်သမားတစ်ဦးဖြစ်ပြီး မီးပူနဲ့ကပ်ခံထားရတဲ့ကလေးငယ်မှာတော့ လက်နဲ့ ခြေထောက်မှာ မီးလောင်ဒဏ်ရာရတွေရှိရထားတယ်လို့လည်း သိရပါတယ်။