ရထားလမ်းဖြတ်ကူးမောင်းနှင်လာသည့် ထော်လာဂျီနှင့် ရထားတိုက်မိရာ အမျိုးသားသုံးဦးထိခိုက်ဒဏ်ရာရရှိ

(မှုခင်း) စက်တင်ဘာ ၁၇

နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာနှင့် ဝဲကြီးကျေးရွာ ကျေးရွာချင်းဆက်လမ်း မီးရထားသံလမ်းတွင် ထော်လာဂျီနှင့်ရထားတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၆ရက် နံနက်၁၁နာရီဝန်းကျင်အချိန်က ကျောင်းကုန်းကျေးရွာ ရထားသံလမ်းကူးတွင် ဦးပိုင်ဦး(သ) ၃၂နှစ်၊ (ဘ)ဦးဌေးဦး၊ နွယ်ရစ်ကျေးရွာ၊ တပ်ကုန်းမြို့နယ်နေထိုင်သူ မောင်းနှင်ပြီး မောင်သိန်းဇော်(သ) ၁၇နှစ်၊ (ဘ)ဦးမြင့်အေးနှင့် ဦးလှိုင်မိုးဦး(သ)၂၁နှစ်၊ (ဘ)ဦးမောင်ပုတို့ လိုက်ပါလာသော ယာဥ်အမှတ် ၉ဌ/ ၃၄၀၂၀ ထော်လာဂျီ အစိမ်းရောင်ယာဥ်သည် ကျောင်းကုန်းကျေးရွာဘက်မှ ဝဲကြီးကျေးရွာဘက်သို့ မီးရထားသံလမ်းကူးအား ဖြတ်သန်းမောင်းနှင်စဥ် မန္တလေး- နေပြည်တော် အစုန်ရထားနှင့် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ရထားတိုက်မှုဖြစ်စဥ်ကြောင့် ဦးပိုင်ဦး(ဘ)ဦးဌေးဦးတွင် ဝဲဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာ၊ ယာဒူး ပွန်းခြစ်ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းဖူးရောင် (စိုးရိမ်ရ)၊ မောင်သိန်းဇော်တွင် ယာဘက်လက် ဖူးရောင်နာကျင်ဒဏ်ရာနှင့် ဦးလှိုင်မိုးဦးတွင် ဝဲလက်ပေါက်ပြဲဒဏ်ရာ၊ ဝဲဒူးခေါင်း ပေါက်ပြဲဒဏ်ရာတို့ အသီးသီးရရှိခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ ကုတင်(၅၀)ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။