ပြည်ထဲရေးဒုတိယဝန်ကြီး နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်

(နိုင်ငံတကာ) စက်တင်ဘာ ၁၄

(၁၉) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးကို မလေးရှားနိုင်ငံ မလက္ကာမြို့၌ စက်တင်ဘာလ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်‌ရောက်ခဲ့ကြပါတယ်။

အဆိုပါ အစည်းအ‌ဝေး သို့ အာဆီယံအတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ နှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာလ ၉ ရက်တွင် (၁၉) ကြိမ်မြောက် AMMTC နှင့်ဆက်စပ်အစည်းအဝေးများအတွက် အဆင့်မြင့် အရာရှိကြီးများ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးများကိုလည်းကောင်း၊ စက်တင်ဘာလ ၁၀ ရက်တွင် (၁၉) ကြိမ်မြောက် AMMTC အစည်းအဝေးကိုလည်းကောင်း၊ စက်တင်ဘာလ ၁၁ ရက်တွင် အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား သုံးနိုင်ငံတို့နှင့် (၁၅)ကြိမ်မြောက် AMMTC + 3 အစည်းအဝေး၊ (၁၂) ကြိမ်မြောက် AMMTC + China အစည်းအဝေး၊ (၁၀) ကြိမ်မြောက် AMMTC + Japan အစည်းအဝေး၊ (၆) ကြိမ်မြောက် AMMTC + ROK အစည်း အဝေးတို့ကို လည်းကောင်း DoubleTree by Hilton ဟိုတယ်ရှိ Grand Ballroom ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။

(၁၉) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများတွင် နိုင်ငံတကာအဆင့်၊ ဒေသအဆင့်နှင့် အမျိုးသားအဆင့် နိုင်ငံ ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်နေမှု၊ အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား နိုင်ငံ ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက် နေမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အာဆီယံကြေညာချက်များနှင့် ပူးတွဲထုတ်ပြန်ချက်များကို အတည်ပြုခဲ့ ကြပါတယ်။

အဲဒီနောက် (၂၀) ကြိမ်မြောက် AMMTC နှင့်ဆက်စပ်အစည်းအဝေးများကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့၌ လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

#PAN