(မှု့ခင်း) စက်တင်ဘာ ၁

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ဩဂုတ် ၃၁ ရက်နေ့ မနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ထရန်စဖော်မာများတွင် အသုံးပြုသည့် ကြေးကြိုး/ဒန်ကြိုးများ နှင့်အတူတွေ့ရှိသူ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဒက္ခိဏသီရိရပ်ကွက် ရွှေနှင်းဆီ(၁)လမ်းရှိ “ဝင်းမဟာ”အဟောင်းပစ္စည်း ရောင်းဝယ်ရေးဆိုင်ရှေ့တွင် ကုန်တင်ယာဉ်တစ်စီးရပ်တန့်ထားပြီး ပစ္စည်းများတင်ဆောင်နေသည်ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာမှ ဆိုင်ပိုင်ရှင်ဖြစ်သည့် အဆိုပါရပ်ကွက်နေ ကျော်လွင်(ခ)ဦးကျော်၊ ၄၉ နှစ်၊ တစ်ရပ်ကွက်တည်း နေသူများဖြစ်ကြသည့် ဒေါ်ညွန့်ညွန့်၊ ၅၁ နှစ်၊ အလုပ်သမားများဖြစ်သော ဖိုးချစ်သဲ(ခ)ချက်ကြီး ၊ ၂၂ နှစ်၊ မျိုးမင်းထက်(ခ)ဝတုတ်၊ ၃၀ နှစ်၊ ရဲအောင်၊ ၃၆ နှစ်၊ တင်လှိုင်၊ ၄၀ နှစ်၊ မြစ်သားမြို့နယ် ကသဲကုန်းရွာနေ စိုင်းဘဦး(ခ)ရှမ်းလေး၊ ၃၉ နှစ်နှင့် အောင်ချမ်းသာရွာနေ မျိုးဇော်ဝင်း၊ ၂၅ နှစ် စုစုပေါင်း ၈ ဦးတို့ကို လျှပ်စစ်မီးတိုင်များနှင့် ထရန်စဖော်မာများတွင် အသုံးပြုသည့် လျှပ်စစ်ကြေးကြိုး/ဒန်ကြိုး စုစုပေါင်းအလေးချိန် ၆၁၅ ပိဿာနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်လွင်(ခ)ဦးကျော်ပါ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဒက္ခိဏသီရိ မြို့မရဲစခန်းတွင် (ပ)၄၆/၂၀၂၅ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆ (၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။