(စီးပွားရေး) ဩဂုတ် ၂၅
ယခုနှစ်ပြည်တွင်းကထွက်ရှိမယ့်အရည်အသွေးမြင့် ထောပတ်သီးတွေကို စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို အဓိကထားတင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းထံက သိရပါတယ်။

ပြည်တွင်းမှာ Hass ထောပတ်သီးစိုက်ဧကပေါင်း ၂၀,၀၀၀ နေပြီး စက်တင်ဘာလကနေ ဒီဇင်ဘာအတွင်း နှစ်စဉ် Hass ထောပတ်သီးတွေလှိုင်လှိုင်ထွက်ရှိကာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံတွေကိုလည်းတင်ပို့နေတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ထောပတ်သီးတွေတင်ပို့ရာမှာ Hass ထောပတ်သီးတွေအပြင် Buccaneer ဘခန်နီးယား၊ 034 Booth 7 နဲ့ အမရာ စတဲ့ ထောပတ်သီးမျိုးတွေကိုလည်း တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ထောပတ်သီးရာသီမှာ အရည်အသွေးမြင့် Hass ထောပတ်သီးတန်ချိန် ၃,၀၀၀ ခန့် ထွက်ရှိခဲ့ပြီး ယခုနှစ်မှာ ယခင်နှစ်ထက် တန်ချိန်ပိုမိုထွက်ရှိဖို့ မျှော်မှန်းထားကာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံတွေကို တင်ပို့ ရောင်းချသွားမှာဖြစ်ပါတယ်။
လက်ရှိမှာ ပြည်တွင်းစားသုံးမှုအနေနဲ့အများအားဖြင့် ကိုင်းဆက်စိုက်ပျိုးထားတဲ့ Hass ထောပတ်သီးတွေနဲ့ Buccaneer ထောပတ်သီးတွေကို ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေက အမြောက်အမြားတင်ပို့ရောင်းချနေရတဘ်လို့လည်း သိရပါတယ်။
အဆိုပါ Hass ထောပတ်သီးတွေကို စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံကို အဓိကတင်ပို့လျက်ရှိသလို တရုတ်နိုင်ငံကိုလည်း မြန်မာ့ထောပတ်သီးအများအပြား တရားဝင်တင်ပို့နိုင်အောင် GACC လက်မှတ်ရရှိဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနနဲ့မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။