မန္တလေးတိုင်းအတွင်းရှိ မြို့နယ်၃မြို့နယ်တွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူများအား ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိ

(မှုခင်း) မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်၊ ပုသိမ်ကြီးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူများအား ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိ တည်းခိုခန်းတွင် ဧပြီလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချနေသူများ ရောက်ရှိနေကြောင်း သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝင်ရောက်ရှာဖွေရာ မဖြူစင်တင်လှ(ခ)ဖြူစင် နှင့် မဇွန်ဇင်ဦး(ခ)မိုင်လီတို့ ၂ ဦးအား စိတ်ကြွဆေးပြား ၁၁၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ယင်းနေ့ ညနေ ၆ နာရီအချိန် ပုသိမ်ကြီးမြို့နယ်၊ မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာနေ မမာလာ အား စိတ်ကြွဆေးပြား ၁၆၀ ပြားနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ မေလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ပုသိမ်ကြီးမြို့နယ်၊ ကွေ့ကြီးကုန်းကျေးရွာ၊ ရေတံခွန်တောင်ရပ်တွင် မနီလာခိုင်(ခ)လွယ်နူး(ခ)ဘောပြား အား စိတ်ကြွဆေးပြား ၂၄,၀၀၀ ပြား၊ NISSAN TIIDA မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီအချိန် စိတ်ကြွဆေးပြားများ ရောင်းချခိုင်းသူ အောင်ရဲကျော်(ခ)မြင့်ကျော် အား ဖမ်းဆီးရမိခဲ့သည်။

၎င်း၏ဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်ရှိ မအားဖန်(ခ)ဆိုင်ဘန်း ၏နေအိမ်၌ သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၁၄ ဒသမ ၇ သိန်းအားလည်းကောင်း၊ စဉ့်ကိုင်မြို့နယ်ရှိ ၎င်းငှားရမ်းထားသည့်နေအိမ်တွင် သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၆ ဒသမ ၀၆ သိန်းအားလည်းကောင်း အသီးသီးဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးမှုဖြစ်စဉ်တွင် စုစုပေါင်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၁၆၂၅၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ ဒသမ ၀၀၂၇၅ သိန်းအား ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နေ အားယုံ(ဖမ်းဆီးရန်ကျန်)မှ မန္တလေးမြို့တွင် ဖြန့်ဖြူးရောင်းချရန် ပေးပို့ထားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN