(ပြည်တွင်း) သြဂုတ် ၂၁

နေပြည်တော်ကောင်စီ၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကျင်းပသော မဲဆန္ဒရှင်များအား MEVM မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲအခမ်းအနားများအား နေပြည်တော် ၈ မြို့နယ်တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီအချိန်က တပ်ကုန်းမြို့၊ ဆရာစံရပ်ကွက်ရှိ မဟာဇနကစာသင်တိုက် ဗိမာန်တော်ကြီး၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ လက်တွေ့သရုပ်ပြ မဲပေးလေ့ကျင့်ခဲ့ရာ မဲပေးပိုင်ခွင့်ရှိ သော ရပ်ကွက်သား/သူ (၂၂၀)ဦးခန့် တက်ရောက် မဲပေးလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

အလားတူ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်နှင့် သက်နှင်းအင်းကျေးရွာအုပ်စုတို့တွင် သြဂုတ်လ ၂၀ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ MEVM မြန်မာ အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးလျှက်ရှိရာ ဒေသခံ ပြည်သူ ၂၀၀ ကျော်မှ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

အလားတူ သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ လယ်သာကျေးရွာ၊ ဓမ္မသုခကျောင်းတိုက်၊ ဓမ္မာရုံတွင် လယ်သာကျေးရွာအုပ်စု (လယ်သာကျေးရွာ၊ ဂုံမင်းကွင်းကျေးရွာ၊ လှည်းပြင်ကွဲကျေးရွာ) နေပြည်သူမဲဆန္ဒရှင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ရာ ဒေသခံပြည်သူ ၃၀၀ ကျော် တက်ရောက် မဲပေးလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။