လက်နက်နဲ့ ငွေကြေးမထောက်ပံ့တော့ဘူးလို့ “ဝ” က MNDAA, TNLA, SSPP/SSA တို့ကိုခေါ်ပြော

(ပြည်တွင်း) သြဂုတ် ၂၀

“ဝ” လက်နက်ကိုင်အဖွဲ့ UWSA က MNDAA, TNLA နဲ့ SSPP/SSA ကို လက်နက်နဲ့ ငွေကြေးအကူအညီတွေ မပေးတော့ဘူးလို့ ကြေညာပါတယ်။

“ဝ” လက်နက်ကိုင်အဖွဲ့ UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့မှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအောင်းလက်နက်ကိုင် TNLA၊ ရှမ်းလက်နက်ကိုင်အဖွဲဲ့ SSPP/SSA နဲ့ UWSA တို့တွေ့ဆုံခဲ့ပြီးနောက် အဲ့ဒီကြေညာချက်ကို “ဝ” ရဲ့ ဝါဒဖြန့် Channel ဖြစ်တဲ့ WSTV က ကြေညာခဲ့တာဖြစ်ပါတယ်။

UWSA က လက်ရှိစစ်ပွဲနဲ့ မငြိမ်မသက်မှုကိစ္စရပ်တွေနဲ့ပတ်သက်ပြီး MNDAA, TNLA နဲ့ SSPP ကို ဆွေးနွေးပွဲမှာ အသိပေးပြီးနောက် စစ်ရေးဆုံဖြတ်ချက်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ဝ” အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌက အခုလိုခေါ်ယူတွေ့ဆုံတာဟာ “ဝ” ရဲ့ဆုံးဖြတ်ချက်ကို အသိပေးဖို့ဖြစ်ပြီး “ဝ” ရဲ့ ငြိမ်းချမ်းရေး ရပ်တည်ချက်နဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေတွေကို အသိပေးလိုတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

“ဝ” ပြည်နယ်ဟာ ဘယ်လို လက်နက်နဲ့ ကိရိယာကိုမှ ပံ့ပိုးပေးတော့မှာ မဟုတ်သလို စစ်ရေးအရ လွယ်ကူချောမွေ့စေဖို့ ဒါမှမဟုတ် ဘယ်လို အဖွဲ့အစည်းကို ဘယ်လို အကြောင်းပြချက်၊ အချိန်မရွေး၊ ဘယ် နေရာမှာဖြစ်စေ ငွေကြေး အကူအညီ ပေးမှာမဟုတ်တော့ဘူးလို့ သူက ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ကို အများပြည်သူသိရှိအောင် တရားဝင် ကြေညာမှာဖြစ်ပြီး အဖွဲ့အစည်းတွေအနေနဲ့ လက်နက်နဲ့ စက်ကိရိယာတွေ ငွေကြေးအကူအညီတွေ ဒါမှမဟုတ် အခြားအခုလို ကိစ္စရပ်တွေကို တောင်းဆိုပြီး “ဝ” ပြည်နယ်ကို ထပ်မံနှောက်ယှက်ခြင်းကနေ ရှောင်ကြဉ်ကြဖို့ကိုလည်း “ဝ” က တိုက်တွန်းပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

“ဝ”ရဲ့ ခေါ်ယူမှုကို သွားရောက်တွေ့ဆုံခဲ့တဲ့ (MNTJP/MNDAA)၊ (PSLF/TNLA) နဲ့ (SSPP/SSA) ထိပ်ပိုင်းခေါင်းဆောင်တွေလည်း UWSA ရဲ့ စစ်ရေးဆုံးဖြတ်ချက်နဲ့ သဘောပေါက်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

#PAN