
(နိုင်ငံတကာ) ဧပြီ ၁၇
”Romantic Homicide” သီချင်းဖြင့် ကမ္ဘာတစ် ဝန်း ကျော်ကြားခဲ့သည့် အသက် ၂၁ နှစ်အရွယ် အမေရိကန်ရက်ပ်ပါ d4vd (ခ) ဒေးဗစ် အန်တိုနီ ဘာ့ခ် (David Anthony Burke) ကို အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးအား သတ်ဖြတ်မှု၊ အလောင်းဖျောက်ဖျက်မှု သံသယများဖြင့် လော့စ်အိန်ဂျလိစ်ရဲ တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်သည်။
ရဲတပ်ဖွဲ့သည် d4vd ၏ အမည်ဖြင့် မှတ်ပုံတင်ထားသည့် Tesla မော်တော်ယာဉ်တစ်စီးကို သိမ်းဆည်းစစ်ဆေးရာမှ ယာဉ်၏နောက်ဖုံး(Trunk)အတွင်း အိတ်နှစ်အိတ်ဖြင့် ထည့်ထားသော အပိုင်းပိုင်းဖြတ်တောက်ထားသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ အသက် ၁၄ နှစ်အရွယ် ဆီလက်စတီ ရီဗတ်စ် (Celeste Rivas) ဖြစ်ပြီး သူမ၏ အသက် ၁၅ နှစ်ပြည့် မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင်မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရင်ခွဲစစ်ဆေးချက်အရ မိန်းကလေးငယ်၏ ရုပ်အလောင်းမှာ ကားအတွင်း၌ အချိန်အတော်ကြာ ပုပ်ပွနေခဲ့ပြီဖြစ်ကြောင်း သိရသည်။ လော့စ်အိန်ဂျလိစ် ခရိုင်ရှေ့နေရုံးသည် လာမည့်တနင်္လာနေ့တွင် d4vd အပေါ် တရားဝင်စွဲချက်တင်နိုင်ရန် အမှုကို စတင်စစ်ဆေးတော့မည်ဖြစ်ပြီး လက်ရှိတွင် ၎င်းအား အာမခံမပေးဘဲ ချုပ်နှောင်ထားသည်။
d4vd ၏ ရှေ့နေအဖွဲ့ကမူ ၎င်းတို့၏အမှုသည်မှာ အပြစ်ကင်းစင်သူဖြစ်ကြောင်းနှင့် အဆိုပါမိန်းကလေး သေဆုံးမှုတွင် d4vd ၌ မည်သည့်တာဝန်မျှမရှိကြောင်း၊ ခိုင်လုံသော သက်သေအထောက်အထားများဖြင့် တရားဘရုံးတွင် ပြန်လည်ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
d4vd သည် ၂၀၂၂ ခုနှစ်တွင် TikTok မှတစ်ဆင့် နာမည်ကျော်လာသူဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ်အတွင်း ဤလူသတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လာချိန်ကတည်းက ၎င်း၏ နယ်လှည့်ဖျော်ဖြေပွဲများကို ဖျက်သိမ်းထားခဲ့ရသူဖြစ်ပါသည်။
#d4vd #DavidBurke #CrimeNews #LosAngeles #RomanticHomicide #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN