(နိုင်ငံတကာ) သြဂုတ် ၁၆

နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)ကို မလိုလားအပ်သည့် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထား ကြောင်း ရုရှားတရားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
RSF သည် ပြင်သစ်နိုင်ငံအခြေစိုက် နိုင်ငံတကာသတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ရုရှား အစိုးရသည် ရှေးယခင်ကလည်း အမျိုးသားလုံခြုံရေး ထိခိုက်စေမှုစွဲချက်များဖြင့် နိုင်ငံတကာအဖွဲ့အစည်းများကို မလိုလားအပ်သည့် အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ဖူးသည်။
ရုရှားအစိုးရက မလိုလားအပ်သည့် အဖွဲ့အစည်းများအဖြစ် ကြေညာထားသော နိုင်ငံတကာအဖွဲ့အစည်း များတွင် Green Peace ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နှင့် လန်ဒန်အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty)တို့လည်း ပါဝင်သည်။
ရုရှားနိုင်ငံသားများအနေနဲ့ ရုရှားအစိုးရက မလိုလားအပ်သည့် အဖွဲ့အစည်းများအဖြစ် ကြေညာထားသော အဖွဲ့အစည်းများအတွက် အလုပ်လုပ်ပေးပါက သို့မဟုတ် ရန်ပုံငွေထောက်ပံ့ပါက ထောင်ဒဏ်ငါးနှစ်ထိ ချမှတ်ခံရမှုနှင့် ရင်ဆိုင်ရနိုင်သည်။
ရုရှားအစိုးရက မလိုလားအပ်သည့်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုနှင့်ပတ်သက်၍ RSF က တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးကြောင်းသိရသည်။
#PAN