(နိုင်ငံတကာ) သြဂုတ် ၁၀

နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်၌ တောင်ကိုရီးယားနိုင်ငံဘက်သို့ မျက်နှာမူနေရာချထားသည့် ဝါဒဖြန့် အသံချဲ့စက်အချို့ကို မြောက်ကိုရီးယားနိုင်ငံက ပြန်လည်ဖြုတ်သိမ်းထား သည်ဟု တောင်ကိုရီးယားတပ်မတော်က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့်ထုတ်လွှင့်မှုများအတွက် အသုံးပြုနေသည့် အသံချဲ့စက်များကို တောင်ကိုရီးယားနိုင်ငံက ဖြုတ်သိမ်းပေးခဲ့ပြီးနောက် အဆိုပါ သတင်းပေါ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နယ်စပ်တစ်လျှောက်ချထားသည့် အသံချဲ့စက်များအား ဆက်လက် ဖြုတ်သိမ်းနေခြင်းရှိ၊မရှိကို အတည်ပြုရန် လိုအပ်ဆဲဖြစ်ကြောင်း တောင်ကိုရီးယားတပ်မတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေးပြေလည်ရန်အတွက် ကြိုးပမ်းမည် ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတသစ် လီဂျေးမြောင် က ပြောကြားထားကြောင်း သိရသည်။
သမ္မတ လီဂျေးမြောင် လက်ထက် မူဝါဒအပြောင်းအလဲများအရ တောင်ကိုရီးယားနိုင်ငံသည် နယ်စပ်တစ်လျှောက်ရှိ ဝါဒဖြန့် အသံချဲ့စက် များကို တောင်ကိုရီးယားနိုင်ငံက ဩဂုတ် ၄ ရက်တွင် ဖယ်ရှားခဲ့ကြောင်း သိရသည်။
တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံသည် ၁၉၅၀-၁၉၅၃ ကိုရီးယားကျွန်းဆွယ်ပဋိပက္ခကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဖြင့်သာ အဆုံးသတ်ထားခြင်းဖြစ်ရာ လက်တွေ့အားဖြင့် ပဋိပက္ခဖြစ်နေဆဲ အခြေအနေတွင်သာရှိသေးကြောင်း သိရသည်။
#PAN