KIA အဖွဲ့ နှင့် PDF အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က ရွှေကူမြို့ နယ်တွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

(ပြည်တွင်း) ဩဂုတ် ၂

ကချင်ပြည်နယ်၊ ရွှေကူမြို့ နယ်၊ ရွှေကူမြို့ အတွင်းသို့ KIA အဖွဲ့ နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့မှ သြဂုတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့် က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ရွှေကူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ “သိန်းကမ္ဘာ”သံတို/ သံစရောင်းဝယ်ရေး ဆိုင်ရှေ့သို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အမှတ်(၁)ရပ်ကွက်နေ အခြေခံပညာအလယ်တန်းကျောင်း (ခုံခမ်း)မှ ကျောင်းသားများဖြစ်သော မောင်မျိုးသော်တာအောင်၊ ၁၂ နှစ်၊မောင်လင်းရဝေအောင်၊ ၈ နှစ်နှင့် အမှတ်(၁)ရပ်ကွက်နေ ဦးအောင်ကျော်ဦး၊ ၄၉ နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး တစ်ရပ်ကွက် တည်းနေသူများဖြစ်ကြသည့် အခြေခံပညာအလယ်တန်းကျောင်း(ခုံခမ်း)မှ ကျောင်းသားဖြစ်သူ မောင်ပိုင်ခန့်ကိုကို၊ ၁၃ နှစ်၊ ဦးစိုးနိုင်ဦး၊ ၄၁ နှစ်၊ ဒေါ်ခင်မာလွင်၊ ၆၂ နှစ်၊ ဒေါ်ဝင်းသန္တာ၊ ၂၆ နှစ်၊ မောင်ဝေယံမွန်၊ ၁၅ နှစ်နှင့် ဒေါ်ခင်မြင့်(ခ)ခင်ဦး၊ ၅၃ နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေး လုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN