အစ္စရေး – အီရန်စစ် ဘာလဲဘယ်လဲ

(ဆောင်းပါးကဏ္ဍ) ဇူလိုင် ၁၆
နေဇင်လတ်

      အနောက်နိုင်ငံတွေ အယူသီးတဲ့ “Friday the 13th” မှာ အစ္စရေးက အီရန်ကိုစပြီးတိုက်ခိုက်ခဲ့တယ်။ ၁၃- ၆- ၂၅ နေ့ဟာ ခေတ်သစ်အစ္စရေး-အီရန်စစ်ပွဲသမိုင်းဝင်နေ့ တစ်ခုရယ်လို့ဖြစ်လာတယ်။ အဲ့ဒီနေ့မှာ အစ္စရေးကစပြီးတိုက်မယ်လို့ ဘယ်သူကမှထင်မထားခဲ့ဘူး။အထူးသဖြင့် ခရစ်ယာန်တွေမနှစ်မြို့တဲ့ “Friday the 13th” ဖြစ်နေလို့ပါပဲ။ စစ်ပွဲစစချင်း အစ္စရေးက အလစ်အငိုက်အတော်ရလိုက်တယ်။ အီရန်အဏုမြူစီမံကိန်းနေရာတွေ အတော်ကုန်သွားခဲ့တယ်။ အဲ့ဒီအပြင် အီရန်ရဲ့ စစ်ဦးစီးချုပ်အပါအဝင် တပ်မှူးကြီးတွေအယောက် ၂၀ ကျော်နဲ့ နျူကလီးယားထိပ်တန်းပညာရှင် ၁ဝ ယောက်လောက်ကို သုတ် သင်နိုင်လိုက်ခဲ့တယ်။

     ပြောစရာကတော့ ဖြစ်သွားတော့မလားပဲ။
     ၁၉- ၆- ၂၅ နေ့မှာပဲ အိမ်ဖြူတော်က ရုတ် တရက်သတင်းတစ်ခုထုတ်ပြန်လိုက်တယ်။ အဲ့ဒါကတော့ ထရမ့် ပထမပြောခဲ့တဲ့ ၄၈နာရီအတွင်း အမေရိကန် စစ်ထဲဝင်လာမယ်ဆိုတဲ့ကိစ္စကို နှစ်ပတ်ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းပါပဲ။ “Friday the 13th” တကယ်အစွမ်းပြပြီလားလို့တောင်မေးစရာဖြစ်လာခဲ့တယ်။

Doomsday လေယာဉ်ကြီးတောင် ရွှေ့ထားတယ်

     အမေရိကန်မှာ Doomsday လေယာဉ်ကြီး လေးစင်းရှိတယ်။ ဘိုးရင်းကုမ္ပဏီက ထုတ်လုပ်ပြီး မြေပြင်စစ် အလွန်ပြင်းထန်နေတဲ့အချိန်မှာ သမ္မတ၊ ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးစတဲ့ အရေးကြီးပုဂ္ဂိုလ်တွေ လေထဲကအမိန့်ပေးစီမံခန့်ခွဲနိုင်အောင်လို့ တီထွင်ထားတဲ့လေယာဉ်ဖြစ်ပါတယ်။ ကောင်းကင်မှာဆီဖြည့်ပြီး တစ်ပတ်တိတိလေထဲမှာ နေနိုင်တဲ့ လေယာဉ်ကြီးပါ။ တော်ရုံတန်ရုံသုံးခဲလှတဲ့ လေယာဉ်ကြီးပါ။ မူလနာမည်က E-413 Nightwatch လို့ အမည်ပေးထားပေမယ့် မြေပြင်မှာ ကပ်အဆင့် ဆိုက်တဲ့အခါမှာအသုံးပြုဖို့ ဖြစ်လို့နောက်ပိုင်း Doomsday လေယာဉ်ကြီးလို့ အမည်တွင်သွားရတာပါ။

     အဲ့ဒီလေယာဉ်ကြီးကို Louisiana ပြည်နယ်ကနေ Maryland ပြည်နယ်မှာရှိတဲ့ အမေရိကန်စစ်စခန်း Joint Base Andrews ကိုပျံသန်းပြီးနေရာချထားတာဟာ အလကားမဟုတ်ပါဘူး။

     အီရန်-အစ္စရေးစစ်က “သိကြားမင်းနဲ့အသူရာ” တို့ စစ်ခင်း သလောက်ပြင်းထန်နေတယ်။ အစ္စရေးဘက်က အမေရိကန်ဝင်ကူတိုက်ရင် “အမေရိကန်ကိုလည်း ပစ်မယ်”လို့အီရန်က ကြိမ်းထားတာရှိနေတယ်။ လက်တစ်ဝါးလောက်ရှိတဲ့ အဏုမြူထိပ်ဖူးလေးကို လက်ပေါ်တင်ပြီး အီရန်အစိုးရရဲ့တရားဝင်အကောင့်က ထုတ်ထားတဲ့ပုံကလဲ “X” ပေါ်မှာ ပျံ့နှံ့နေတယ်။ အီရန်အဏုမြူပိုင် – မပိုင်ကိုဘယ်သူကမှ တပ်အပ်သေချာ မသိနိုင်ကြသေးဘူး။ အီရန်ဘက်က အမေရိကန်ကိုတုံ့ပြန်ရင် သာမန်မစ်ဇိုင်းနဲ့တော့ပစ်မှာ မဟုတ်ဘူး။ အဏုမြူထိပ်ဖူးနဲ့ တစ်ခါတည်းပစ်လိုက်နိုင်တယ်။ တစ်မုဟုတ်ချင်း အဏုမြူစစ်ပွဲကိုရောက်သွားနိုင်တယ်။ပြီးတော့အီရန်နောက်မှာ ပါကစ္စတန်ကရှိထားတယ်။ အစ္စရေးက အဏုမြူသုံးရင်ပါကစ္စတန်ကလည်း အီရန်ဘက်က အဏုမြူသုံးမယ်လို့ လူသိရှင် ကြား ကြိမ်းဝါးထားတာရှိနေသေးတယ်။

     နောက်တစ်ခါ မြောက်ကိုရီးယားကလည်း လိုအပ်ရင် မီးစိမ်းသာပြလိုက် စစ်ထဲခုန်ဝင်လာမယ်လို့ဆိုတယ်။ “သူ့အဏုမြူကိုလည်း စမ်းသုံးကြည့်နိုင်တယ်” လို့ ကမ်းလှမ်းထားတယ်။

     အဲ့ဒီတော့ အမေရိကန်သမ္မတလည်း “လိုရ မည်ရ” Doomsday လေယာဉ်ကြီးကိုထုတ်သုံးရပါတော့တယ်။ အရာရာဟာ ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေ အနေပါ။

B-2 Spirit GBU-57

     အီရန်က မြေအောက်အနက်ပေ ၃ဝဝ လောက်မှာ နျူထုတ်စက်ရုံတွေ တည်ဆောက်ထားသလို Under – ground Missile City တွေကလည်း မြေအောက်ပေ ၂၅ဝ လောက်မှာရှိနေတယ်။ ရှစ်လက်မအထူသံကူ ကွန်ကရစ်တွေနဲ့ထပ်ပြီး ဖုံးအုပ်ကာရံထားတာကြောင့် တော်ရုံဘန်ကာခွင်းဒုံးတွေတိုးမပေါက်ဘူး။ အဲ့ဒီအနက်ကို ထိုးဖောက်နိုင်တဲ့ဘန်ကာခွင်းဒုံးက အမေရိကန်မှာပဲရှိပြီး GBU-57 လို့အမည်ပေးထားတယ်။ပေ ၂၀ အရှည်ရှိပြီးပေါင်ချိန် ၃၀,၀၀၀ အလေးချိန်ရှိတယ်။ အဲ့ဒီ ဗုံးကြီးတွေကိုလည်း အမေရိကန်ရဲ့ B – 2 Spirit ကိုယ်ပျောက်မဟာဗျူဟာဗုံးကြဲလေယာဉ်ကြီးတွေနဲ့ပဲသယ်နိုင်တယ်။

     ဒီနေရာမှာ အဓိကကျတဲ့မေးခွန်းက
     “အီရန်ရဲ့အဏုမြူထုတ်လုပ်မှုကို လွှတ်ထားမလား”
     လွှတ်ထားရင်အစ္စရေးအတွက် ခြိမ်းခြောက်မှုတင်မဟုတ်ဘူး။ အမေရိကန်နဲ့ အနောက်အုပ်စုတစ်ခုလုံးအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်လာလိမ့်မယ်။ အဲ့ဒီအချက်ကို ထရမ့်က သိထားတယ်။

    “ဒါဖြင့် စစ်ထဲကို အမေရိကန်ဝင် မလား”
     သာမန်အားဖြင့် အမေရိကန် ဝင်လိုဟန်မရှိဘူး။ဒါပေမဲ့ မြေအောက် အနက်ပေ ၃ဝဝ လောက်ကို ဖျက်ဆီးနိုင်တဲ့ လက်နက်ကလည်း အစ္စရေးမှာမရှိဘူး။ ဒီတော့မဖြစ်မနေ အမေရိကန်က ပါဝင်ပေးရတော့မယ့်အခြေအနေ ဖြစ်လာခဲ့တယ်။

     ဒီတော့ Doomsday လေယာဉ်ကြီးကို အသင့်ပြင်ထားရသလို GBU – ၅၇ ဘန်ကာခွင်းဒုံးကြီးတွေ သယ်ဆောင် ထားတဲ့ B 2 Strategic Bomber တွေကိုလည်း အီရန်ရဲ့ လက်တကမ်းဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာထဲက Diego Garcia ကျွန်းကိုစပြီး ရွှေ့ရတော့တယ်။ ကွပ်ကဲမယ့် တပ်မှူး ဗိုလ်ချုပ်က B – 2 ငါးစီး လိုမယ်လို့ ပြောတယ်။ လောလောဆယ် Diego Garcia ကို
နှစ်စင်းပို့ထားလိုက်တယ်။
     စစ်ရေးပြင်ဆင်မှုတွေကို ရေပက်မဝင်လုပ်ထားနှင့်တဲ့သဘောပဲ။

နှစ်ဖက်အထိနာတယ်ဆိုပေမယ့်

     ယူကရိမ်းစစ်ကခြေလျင်ချင်းအဓိက တိုက်ကြတယ်။ အစ္စရေး – အီရန်စစ်က မစ်ဇိုင်းတွေနဲ့ အဝေးက ပစ်ကြတာ။ ယူကရိမ်းစစ်က လူအသေအပျောက်များတယ်။ ဒီစစ်က မစ်ဇိုင်းတွေသုံးတော့ လူအသေအပျောက်နည်းပြီး အဆောက်အအုံပျက်စီးမှုကြီးမားတယ်။ နှစ်ဖက်လုံးရစရာ မရှိအောင်ပျက်စီးကြတယ်။

     အစ္စရေး – အာရပ်စစ်ပွဲသမိုင်းမှာ အစ္စရေးဘက်က ခပ်ပါးပါးလောက်ပဲနာပြီး အမြဲတမ်းစစ်နိုင်ခဲ့တယ်။ ဒီပွဲမှာ အစ္စရေးဘက်က အတော်ပျက်စီးသွားတယ်။ မော့ဆက်ဌာနချုပ်၊ ကွပ်ကဲရေးဌာနချုပ်တွေ ပျက်စီးသွားတယ်။ အစ္စရေးထင်သလိုကြဲလို့မရတဲ့စစ်ဖြစ်လာတယ်။

     အီရန်ဘက်က မစ်ဇိုင်းပစ်ခတ်မှုက အံ့သြဖွယ်ရာ ကောင်းလောက်အောင် “လှိုင်းလုံး”တွေ အလားတက်လာတယ်။ အကြီးအသေးအကုန်ပါတယ်။ လှိုင်းတစ်လှိုင်းတိုင်းမှာ “ရာ” ကျော်နဲ့ ပစ် ခတ်သွားတာ၊ အစ္စရေးရဲ့နာမည်ကြီး Iron Dome လက်မလည်အောင် ဖျက်ချရတယ်။ တချို့အီရန်ရဲ့မစ်ဇိုင်းတွေက အဆင့်မြင့်တော့ Iron Domeကို ဖောက်ထွက်ပြီး အစ္စရေးရဲ့အဓိကနေရာတွေကို ထိတော့တာပါပဲ။

     အီရန်ဘက်က စစ်ပွဲစပြီးသုံးရက်ကျော်မှာ တစ်ဆင့်မြင့်မစ်ဇိုင်းတွေ သုံးလာတယ်။ အစ္စရေးဘက်က ပစ်အားလျော့လာတယ်။ Iron Dome ရော၊ အပြင်က US နဲ့ UK တို့က “ကာ” ထားတဲ့စည်းကိုရော ဖောက်ဝင်လာတဲ့ အီရန်ရဲ့မစ်ဇိုင်းတွေက တစ်နေ့ထက်တစ်နေ့ ပိုကြောက်စရာကောင်းလာတယ်။

     စစ်ပွဲငါးရက်မြောက်နေ့မှာ အစ္စရေးဘက်က အသံတစ်ခုထွက်လာတယ်။ အဲ့ဒါက အလွန်အရေးပါတယ်။ ကြားဖြတ်လက်နက်လျော့ကျလာပြီဆိုတဲ့ သတင်းပဲ။ ဒီနှုန်းနဲ့ဆက်သွားရင် အစ္စရေးကြားဖြတ်ဒုံးတွေရဲ့လက်ကျန်က ၁၀ ရက်ကနေ ၁၂ ရက်စာပဲ ကျန်တော့မယ်ဆိုတဲ့ သတင်း။

     ဒီတော့ ထရမ့်မနေသာတော့ဘူး။ G-7 အစည်း အဝေးကအစောကြီးထွက်ပြီး Situation Room(War Room)မှာ သူ့လူတွေနဲ့အရေးပေါ်အစည်းအဝေး လုပ်ရတော့တယ်။ ပြီးတော့ ကမန်းကတန်း သတင်းထုတ်ပြန်လိုက်တယ်။ ၄၈ နာရီအတွင်း အမေရိကန်စစ်ထဲ ဝင်တော့မယ်ဆိုတဲ့ သဘောပါတဲ့သတင်းပါ။ ဘယ်လိုထုတ်သလဲဆိုတော့ –
     အစ္စရေးဘက်က အမေရိကန်ဝင်တိုက်ဖို့ကို ထရမ့်ကအတည်ပြုလိုက်ပြီ။ ဒါပေမယ့်နောက်ဆုံးအမိန့်ကိုတော့ လာမယ့် ၄၈ နာရီကျမှ ထရမ့်ကိုယ်တိုင်ပြောမယ်။
     လူတွေအားလုံးအုတ်အော်သောင်းတင်းဖြစ်ကုန်ကြတယ်။

     အစ္စရေးက အတော်နာနေပြီလေ။ ပစ်ထားလို့ မရတော့ဘူး။ ဒါကြောင့် အစ္စရေးနာကျင်မှုနည်း ပါးစေဖို့ အခုလို လုပ်လိုက်တာလို့ယူဆရပါတယ်။ နောက်(၄၈) နာရီအကြာ Final Command မပေးခင် အီရန်ဘက်က တစ်စုံ တစ်ရာ ညှိလာမလားဆိုတဲ့ ရည်ရွယ်ချက်လည်းပါမယ်ထင်တယ်။

     အီရန်ဘက်က လုံးဝမညှိနှိုင်းခဲ့ဘူး။ လုံးဝဒူးမထောက်ဘူးလို့ တုံ့ပြန်လာတဲ့အပြင် အဲ့ဒီနေ့မှာပဲ ကမ္ဘာကြီးရာစုနှစ်နဲ့ ချီပြီး အမှတ်ရစေမယ့် အလွန်အံ့အား သင့်စရာတစ်ခု လာလိမ့်မယ်လို့တောင်တုံ့ပြန်ကြေညာလိုက်သေးတယ်။

     အဲ့ဒီညမှာပဲ အီရန်ဘက်က Sejjil ပဲ့ထိန်းဒုံးကိုပစ်ပြခဲ့တာတွေ့ ရတယ်။ Sejil ဒုံးပျံသွားလမ်း ကြောင်းက ရုရှားရဲ့ Oreshmik ဒုံးပျံသွားတဲ့လမ်းကြောင်းမျိုးဖြစ်နေတယ်။ အသံထက် ၁၅ ဆလောက် မြန်တယ်ဆိုတော့ အစ္စရေးဘက်ကပစ်ချဖို့မလွယ်တော့ဘူး။ နောက်ဒုံးပျံ တစ်စင်းရဲ့သွားတဲ့လမ်းကြောင်းက မြွေလိမ်မြွေကောက်ပုံစံ၊ အထူးအဆန်းဖြစ်နေတယ်။ နောက်တစ်ခါ အီရန်ဘက်ကလက်တစ်ဆုပ်စာအဏုမြူဒုံးပျံထိပ်ဖူးကို ထုတ်ပြပြီး ‘X’ပေါ်တင်ပြခဲ့တယ်။
     ကဲ–ဘာဆက်လုပ်ကြမလဲ

ထရမ့်အဆုံးအဖြတ်အလွန်ခက်ပြီ

     ဒီစစ်ကို အစ္စရေးလောက်နဲ့ထိန်းနိုင်မယ်လို့ မျှော် လင့်ခဲ့တာ တက်တက်စင်လွဲသွားခဲ့ပြီ၊ ပင်လယ်ထဲက US ရော၊ UK ရောအီရန်က ပစ်တဲ့မစ်ဇိုင်းတွေနဲ့ အစ္စရေးရဲ့ Iron Domeလည်းမခံနိုင်တော့တာတွေ့ရတယ်။ အီရန်မှာ ဘယ်လိုအဆင့်မြင့်လက်နက်တွေ လျှို့ဝှက်ရှိထားနေသလဲ ဆိုတာလဲ ဘယ်သူကမှ မသိနိုင်သေးဘူး။

     အမေရိကန်ပါလာရင် “အမေရိကန်ကိုပါ တိုက်မယ်” လို့ ပြောထားတဲ့ အီရန်ကို အမေရိကန်ကိုယ်တိုင် သတိ ထားရမဲ့အခြေအနေဖြစ်သွားခဲ့ပြီ။ ၂၀၀၁ တုန်းက အရှေ့အလယ်ပိုင်း စစ်ပွဲတွေလို အမေရိကန်ဘက်က တစ်ဖက်သတ်အနိုင်ယူလို့ရမယ့် စစ်ပွဲမဟုတ်ဘူးဆိုတာ ထရမ့်ရဲ့ စစ်ရေးပါရဂူတွေက တင်ပြကြမှာ အမှန်ပဲ။

     နောက်တစ်ချက်က နိုင်ငံရေးဖိအားတွေကလည်း ထရမ့်ပေါ်မှာအများကြီး။ ဒီမိုကရက်တွေက ထရမ့်ကို လက်စားချေဖို့ စောင့်နေကြတယ်။ “No Kings” ဆိုတဲ့ဆန္ဒပြမှုတွေကလည်းပြည်နယ် ၅ဝ လုံး၊ နေရာပေါင်း ၂ဝဝဝ မှာ လုပ်ခဲ့ကြတာ ရက်ပိုင်းပဲရှိသေးတယ်။ လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲကလည်းရှိနေပြန်၊ “စစ်မတိုက်ဘူး။ ယူကရိမ်းစစ်ကို ပြေငြိမ်းစေမယ်” ဆိုတဲ့ ကြွေးကြော်သံနဲ့ သမ္မတဖြစ်လာသူ ဆိုတော့ ဒီစစ် ထဲမှာ အမေရိကန်ပါသွားရင် သူ့စကားနဲ့ ဆန့်ကျင် ဘက်ဖြစ်တော့မယ်။
     ပြီးတော့ Bernie Sanders ဆိုတဲ့ ဆိနိတ်တာကပဲ-
     “ဒီစစ်ဟာ အမေရိကန်စစ် မဟုတ်ဘူး။ နေတန်ယာဟုဟာလည်း အမေရိကန်သမ္မတမဟုတ်ဘူး။ အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီကိုပြောင်းနိုင်သူ မဟုတ်ဘူး။ အမေရိကန်အနေနဲ့အနေသာကြီး ပါ”လို့ ခပ်ကြမ်းကြမ်းပြောထားတာရှိနေသေးတယ်။

     အလွန်ကြီးမားတဲ့ ပြဿနာတွေကြောင့် ၂ဝ၂၈ ဒုတိယသက်တမ်း ထရမ့်ရဲ့ အိပ်မက်က ပျက်စီးသွားပြီ။ အနီးကပ် လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်တွေ အများစုထိန်းချုပ်နိုင်ဖို့တောင် မလွယ်လှတော့ဘူး။ ထရမ့်ရဲ့ အမာခံ MAGA ထဲမှာကိုက နှစ်ပိုင်းကွဲသွားတယ်။ ထရမ့်အတွက် အတော်တုန်လှုပ်စရာ ဖြစ်သွားရပြီ။ လာမဲ့ ၄၈ နာရီအကြာမှာ Final Decision ချမယ်ဆိုတာက စစ်ပွဲ ၇ ရက်မြောက်နေ့ဖြစ်တယ်။ အလဲအလှယ် လုပ်ရမှာတွေက ကြေး ကြီးလွန်းနေတယ်။ အခန့်မသင့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုင်ပြီး Impeach အလုပ်ခံရတဲ့ အထိလည်း ဖြစ်သွားနိုင်တယ်။

တစ်ဖက်မှာလည်း အစ္စရေးကို ပစ်ထားမလား

     အစ္စရေးကိုပစ်ထားလိုက်တာဟာ အီရန်ကို အဏု မြူပိုင်ခွင့်ပေးလိုက်တာပဲ။ အီရန်အဏုမြူပိုင်သွားလို့ အရှေ့အလယ်ပိုင်းတစ်ခုလုံး ခြိမ်း ခြောက်ခံရရင် အမေရိကန်ရဲ့ Agenda ရေမြောင်းထဲရောက်သွားတာပဲ။ ဒီအပြင် အီရန်က အမေရိကန်ရော အနောက်ကမ္ဘာတစ်ခုလုံးကိုပါ ခြိမ်းခြောက်လာရင် ထရမ့်ဟာ သမိုင်းတရားခံဖြစ်လာရဦးမှာကရှိသေးတယ်။

     လောလောဆယ်ပြဿနာက
• အမေရိကန်စစ်ထဲဝင်ပြီး အီရန်အပေါ်ဗုံးတစ်လုံးကျတာနဲ့ အီရန်က ပြန်တိုက်မယ်လို့ပြောထားတယ်။
• လက်တစ်ဝါးစာ အဏုမြူ ထိပ်ဖူးကို ပြထားတယ်။
• အသံထက် ၁၅ ဆမြန်တဲ့ ဒုံးပျံတွေနဲ့ အစ္စရေးကို ပစ်ခတ်ပြထားတယ်။
• နောက်ထပ်ထုတ်မပြသေးတဲ့ အဆင့်မြင့်ဒုံးပျံတွေ ဘာတွေရှိနေသေးလဲ မသိဘူး။
• အရေးကြီးဆုံးက အမေရိကန်ကို အီရန်ကပြန်ပစ်ရင် သာမန်ဒုံးနဲ့တော့ ပစ်မှာမဟုတ်ဘူး။အဏုမြူစစ် ပီပီပြင်ပြင်ဖြစ်သွားမယ်။ ဒါကို အမေရိကန် ခံနိုင်မလား။

     တကယ့်အကြပ်အတည်းကြီးပဲ။ နောက်ဆုံးတော့ ကြားဖြတ်ဒုံးတွေ ၁၀ ရက်စာလောက်ပဲကျန်တော့တယ်လို့ပြောနေတဲ့ အစ္စရေးကို “အမိသော် လည်း သားတော်ခဲ”မျက်နှာလွှဲစကားလွှဲပြီး ၄၈ နာရီမပြည့်ခင် ၁၂ နာရီမှာပဲ “စစ်ရေးအရ ပါဝင် မယ်။ မပါဝင်ဘူးကို နောက်နှစ်ပတ်မှာ အဆုံး အဖြတ်ပေးမယ်”လို့ မချိ တင်ကဲကြေညာလိုက်ရပါတော့တယ်။

      နောက်ပိုင်းမှာတော့ Operation Midnight Hammer (ညဉ့်ဝေဒနာစစ်ဆင်ရေး)နဲ့ အမေရိကန်စစ်ထဲဝင်ခဲ့ပါတော့တယ်။
     “တိမ်တောင်သဖွယ်မင်းရေးကြွယ်လှတကား”

#PAN