(နိုင်ငံတကာ) ဇူလိုင် ၇

အမေရိကန်ပြည်ထောင်စု တက္ကဆပ်စ်ပြည်နယ် အလယ်ပိုင်းမှာရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၈၂ ဦးထက်မနည်းရှိလာပြီး ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ AP သတင်းတစ်ရပ်အရ သိရပါတယ်။
ပြီးခဲ့တဲ့ အပတ် ဇူလိုင် ၄ ရက်နေ့အားလပ်ရက် ပိတ်ရက်မှာ လူများစွာအိပ်ပျော်နေချိန်မိုးအကြီးအကျယ်ရွားသွန်းခဲ့လို့ အနည်းဆုံး လူ ၈၂ ဦး သေဆုံးပြီး နွေရာသီ စခန်းတစ်ခုက မိန်းကလေးတွေ အပါအဝင် အခြားလူတွေလည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မိသားစုတွေကတော့ ရေနစ်မြုပ်နေတဲ့ အပျက်အစီးတွေနဲ့ Camp အတွင်းက လူသူမရှိတော့တဲ့ သစ်သားတဲအိမ်တွေအတွင်းကို ဝင်ရောက်ရှာဖွေခဲ့ကြသလို ကယ်ဆယ်ရေးသမားတွေဟာလည်း ခက်ခဲကြမ်းတမ်းတဲ့ မြေပြင်အခြေအနေ၊ မြင့်တက်နေတဲ့ရေတွေနဲ့ မြွေတွေရဲ့ အန္တရာယ်ပေးနိုင်တဲ့ အခြေအနေတွေကြားက စခန်းက မိန်းကလေး ၁၀ ဦးနဲ့ အကြံပေးတစ်ဦး အပါအဝင် ပျောက်ဆုံး နေသူတွေကို အပူတပြင်း ဆက်လက်ရှာဖွေနေတယ်လို့လည်း သိရပါတယ်။
တက္ကဆပ်စ်ပြည်နယ်ကို မုန်တိုင်းစတင်ဝင်ရောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့က ပြည်နယ်တစ်ဝန်းမှာ ပျောက်ဆုံးနေသူ ၄၁ ဦးရှိတယ်လို့ အတည်ပြုခဲ့ပြီး ပျောက်ဆုံးသူတွေ ထပ်ရှိနိုင်သေးတယ်လို့ ပြောဆိုခဲ့ပါတယ်။
Camp Mystic နဲ့ အခြား လူငယ်စခန်းတွေတည်ရှိရာ Kerr ကောင်တီမှာ ကလေး ၂၈ ဦး အပါအဝင် ရုပ်အလောင်း ၆၈ လောင်းကို ရှာဖွေရေးသမားတွေက တွေ့ရှိခဲ့တယ်လို့ ကောင်တီရဲအရာရှိ လယ်ရီ လိုင်သာ က ပြောကြားထားပါတယ်။
သောကြာနေ့က စတင်ခဲ့သော ရေလွှမ်းမိုးမှုတွေမှာ ပျောက်ဆုံးနေသတွေကို တစ်ယောက်မကျန် ပြန်ရှာတွေ့တဲ့အထိ ရှာဖွေမှုတွေ ဆက်လက်လုပ်သွားမယ်လို့ ကောင်တီရဲအရာရှိက ကတိပြု ပြောကြားခဲ့ပြီး Travis၊ Burnet၊ Kendall၊Tom Green နဲ့ Williamson ကောင်တီတွေမှာလည်း သေဆုံးသူ ၁၀ ဦး ခန့်ရှိတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
နောက်ရက်အနည်းငယ်မှာ သေဆုံးသူဦးရေ ထပ်တိုးလာနိုင်တယ်လို့ တက္ကဆပ်စ်ပြည်နယ် ပြည်သူ့ဘေးအန္တရာယ်လုံခြုံရေးဌာနက ဗိုလ်မှူးကြီး ဖရီးမန်း မာတင်က ပြောဆိုထားပြီး သမ္မတ Donald Trump ကလည်း လာမယ့် သောကြာနေ့မှာ ရေလွှမ်းမိုးမှုဖြစ်ပွားရာနေရာတွေကို သွားရောက်ဖွယ်ရှိနေတယ်လို့လည်း ပြောပါတယ်။
Telegram»…
https://t.me/positiveanglenews