“၄ နှစ်ကျော်ကာလအတွင်း လူဦးရေ ၉ ဒသမ ၈ သန်းကျော်ကို နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးပြီးဖြစ်”

(ပြည်တွင်း) ဇွန် ၃၀

၂၀၂၁ ခုနှစ်မှစတင်ပြီး လက်ရှိအချိန်ထိ ၄ နှစ်ကျော်ကာလအတွင်း လူဦးရေ ၉ ဒသမ ၈ သန်းကျော်ကို နိုင်ငံသားမှတ်ပုံတင်တွေ ထုတ်ပေးပြီးဖြစ်တယ်လို့ လဝကရဲ့ စာရင်းတွေအရ သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ နိုင်ငံသားတစ်ဦးဟာ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိဖို့နဲ့ နိုင်ငံသားတစ်ဦးအဖြစ် ခိုင်ခိုင်မာမာအသိအမှတ်ပြုနိုင်ဖို့အတွက် ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့ကစတင် ဆောင်ရွက်ခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတွေကို သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ရပ်ကွက် ၊ ကျေးရွာတွေအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။  

တစ်နိုင်ငံလုံးအတိုင်းအတာအရ ပန်းခင်းစီမံချက်နဲ့ ၄ နှစ်ကျော်ကာလအတွင်း ပန်းခင်းစီမံချက်အဆင့် ၁၊ ၂၊ ၃ အထိ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပြီး အသက် ၁၀ နှစ်ကနေ ၁၈ နှစ်ကြားမှာရှိတဲ့ လူဦးရေ ၂,၂၃၅,၈၃၅ ဦး၊ အသက် ၁၈ နှစ်နဲ့အထက် လူဦးရေ ၂,၄၃၉,၅၅၅ ဦး၊ အသက် ၁၈ နှစ်ပြည့်လဲလှယ်ထုတ်ပေးတဲ့အနေနဲ့ လူဦးရေ ၂,၃၂၇,၁၀၆ ဦး၊ ပျောက်ဆုံးပျက်စီးအနေနဲ့ ကတ်ပြားမိတ္တူထုတ်ပေးခြင်းကို လူဦးရေ ၂,၈၃၇,၃၆၆ ဦး၊ စုစုပေါင်းလူဦးရေ ၉,၈၃၉,၈၆၂ ဦးတို့ကို နိုင်ငံသားမှတ်ပုံတင်တွေ ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပန်းခင်းစီမံချက်ကို လက်ရှိမှာလည်းဆောင်ရွက်ပေးနေပြီး ပန်းခင်းစီမံချက်အဆင့် ၃ အနေနဲ့ လာမည့် အောက်တိုဘာလ ၃၁ ရက်နေ့အထိကို ဆောင်ရွက်ပေးဖို့လျာထားတယ်လို့သိရပြီး ယင်းကာလနောက်ပိုင်းမှာ ရွေးကောက်ပွဲပြုလုပ်ချိန်အထိ ရပ်ကွက်၊ ကျေးရွာတွေမှာ ကိုင်ဆောင်သင့်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုး မရှိခဲ့ပါက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် စာရင်းတင်ပြလာပါက ကွင်းဆင်းဆောင်ရွက်ပေးသွား မှာဖြစ်တယ်လို့ သိရပါတယ်။ 

#PAN