(မှုခင်း) ဇွန်လ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ဟဲဟိုးမြို့ သရက်သုံးပင်အဆင်းကွေ့၊ ကျောက်ခွဲစက်အနီးမှာ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးတာတွေ့ရှိခဲ့ရတယ်လို့ ဒေသခံသတင်း အရင်းအမြစ်တွေက ပြောပါတယ်။

သေဆုံးသူအမျိုးသားဟာ အသက် ၃၀ အရွယ်ဝန်းကျင်ခန့်ရှိသူဖြစ်ကာ သူ့ရဲ့ရုပ်အလောင်းကို ဟဲဟိုး-ရွှေညောင်သွားကားလမ်း မိုင်တိုင်အမှတ် ၉၆/၆ နဲ့ ၉၆/၇ ကြားမှာ ပြီးခဲ့တဲ့ ဇွန်လ၊ ၂၄ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်ကတွေ့ရှိခဲ့ရတာဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အမည်မသိ အသက်(၃၀)နှစ်အရွယ်ခန့်၊ အရပ်(၅)ပေ(၆)လက်မခန့်၊ အမျိုးသားရဲ့ ယာဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝမ်းဗိုက်ယာဘက် ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝမ်းဗိုက်ဝဲဘက် ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ရင်ညွန့်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်လက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာလက်ဖမိုး ကျည်ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ စုစုပေါင်း ကျည်ဖောက်ဝင်ဒဏ်ရာ(၆)ချက်နဲ့ သေဆုံးနေပြီး ရုပ်အလောင်းအနီးမှာ (7.62 x 39)ကျည်(၁)တောင့်၊ ကျည်ခွံ(၃)ခု၊ ကျည်ထိပ်ဖူး (၁)ခုကိုလည်းတွေ့ ရှိခဲ့ရတယ်လို့လည်း သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ဟဲဟိုးမြို့ မြတ်စေတနာ လူမှုကူညီရေးယာဉ်နဲ့ ဟဲဟိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရှိခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့စုံစမ်း စစ်ဆေးချက်အရ သေဆုံးသူဟာ လျှံမင်းသန့်၊ ၂၃နှစ်၊ (ဘ)ဦးမျိုးလှိုင်၊ မြို့သစ်ရပ်ကွက်၊ အကွက်ကြီး(၅)၊ အေးသာယာမြို့နေသူဖြစ်တယ်လို့ သိရပြီး တရားခံဟာ သေဆုံးသူ လျှံမင်းသန့်ကို သေနတ်နဲ့ပစ်ကာ သေဆုံးသူ စီးနင်းမောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN 4 (3K /—) Toyota Land Cruiser အနက်ရောင်မော်တော်ယာဉ်ကို ယူဆောင်သွားနိုင်တယ်လို့ သုံးသပ်ရရှိတာကြောင့် CCTV မှတ်တမ်းတွေကို ကြည့်ရှု စစ်ဆေးရာ အဲ့ဒီနေ့ ၁၂ နာရီ ၁၅မိနစ်အချိန်မှစတင်ကာ အဆိုပါယာဉ်မှာ ဟဲဟိုး-အောင်ပန်းသွားကားလမ်း ဆွမ်းအုပ်ကွေ့ ဟဲဟိုးလေဆိပ် လမ်းဆုံမှတစ်ဆင့် အောင်ပန်းမြို့ ဘက်ကို ဖြတ်သန်းမောင်းနှင်သွားတာကိုတွေ့ရှိရတာကြောင့် ဖမ်းဆီးရမိရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ယာဉ်အမှတ် YGN 4 (3K /—-) Toyota Land Cruiser အနက်ရောင်မော်တော်ယာဉ်ဟာ ကလော-ပင်လောင်းသွား ကားလမ်း တီကျစ်ဈေး အနီးမှာ ရပ်တန့်ထားတာကိုတွေ့ရှိရပြီး ယာဉ်မောင်းတွေကိုတော့ မတွေ့ရှိရဘူးလို့ ဆက်သွယ်ရရှိတဲ့အတွက် ရဲတပ်ဖွဲ့က တရားခံဖမ်းဆီးရမိရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews