မင့်စ်မြို့သို့ရောက်ရှိလာသည့် နစက ဥက္ကဋ္ဌအား ဘယ်လာရုစ်နိုင်ငံနိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က ဂုဏ်ပြုကြိုဆို


(ပြည်တွင်း) ဇွန်လ ၂၆

EAEU ၏အလှည့်ကျဥက္ကဋ္ဌ ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ကျင်းပမည့် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)တက်ရောက်ရန် နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၂၅ ရက် ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ရာ ဘယ်လာရုစ်နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(၁) Mr. Lukashevich Sergey Vladimirovich နှင့်တာဝန်ရှိသူများ၊ ရုရှားနိုင်ငံနှင့်ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ်ကျော်စိုးဦးနှင့် မင့်စ်မြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ဘယ်လာရုစ်နိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံ့ခေါင်းဆောင်များကို ကြိုဆိုတဲ့အစဉ်အလာနှင့် အညီဂုဏ်ပြုကြို ဆိုခဲ့ကြကြောင်း သိရသည်။

ခရီးစဥ်အတွင်းမှာ နစကဥက္ကဋ္ဌက စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)တက်ရောက်ခြင်း၊ EAEU ၏အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဥ်အတွင်း နစကဥက္ကဋ္ဌက နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာများနှင့် Eurasian Economic Union EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာများကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးစဥ်မှာ နစကဥက္ကဋ္ဌနှင့်အတူ နစကကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှတာဝန်ရှိသူများ လိုက်ပါသွားခဲ့ကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN