အမရပူရမြို့နယ်တွင် AK STAR အမဲခြောက်လုပ်ငန်းပိုင်ရှင် ပြန်ပေးဆွဲခံရ


(မှုခင်း) ဇွန်လ ၂၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာတွင် “AK STAR” အမဲခြောက်လုပ်ငန်းပိုင်ရှင် ပြန်ပေးဆွဲခံရမှုဖြစ်ပွားကြောင်း သိရသည်။

၂၁-၆-၂၀၂၅ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် ကိုဟန်သူဟိန်း၊ ၃၁ နှစ်၊ (ဘ)ဦးကျော်သန်း၊ မြန်မာ/အစ္စလာမ်၊ “AK STAR” အမဲခြောက်လုပ်ငန်း၊ ကံရွာ၊ အကွက်(၈၆၈)၊ချမ်းမြသာစည်မြို့နယ်နေသူသည် ဖခင်ဖြစ်သူ ဦးကျော်သန်း အမည်ဖြင့်လုပ်ကိုင်သည့် “AK STAR” အမဲခြောက်အလုပ်ရုံတွင်ရှိနေစဉ် အမည်မသိ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးအမျိုးသား ၂ ဦးနှင့် အရပ်ပု၊ ခန္ဓာကိုယ်တောင့်တောင့် အမျိုးသား ၂ ဦးတို့သည် ပြောက်ကျားအင်္ကျီဝတ်ဆင်ထားပြီး သေနတ်အရှည်ကိုယ်စီကိုင်ဆောင်ထားသူ ၄ ဦးသည် အိုးဝေဖြင့် အလုပ်ရုံရှေ့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၎င်းရောက်ရှိလာသူ များအနက် အမည်မသိ ၃ ဦးမှ အလုပ်ရုံအတွင်း ဝင်ရောက်၍ ကျန်တစ်ဦးမှာ အိုးဝေဘေးတွင် ရပ်လျက်စောင့်နေခဲ့ပြီး အလုပ်ရုံအတွင်း ဝင်လာသော အမည်မသိ ၃ ဦးမှ ၎င်းအား ဟာဂျီ ကျော်သန်းရှိလား၊ ဘယ်မှာလဲ၊ ဟာဂျီကျော်သန်း ဘာလုပ်တာလဲ သိလားဟု မေးမြန်းပြီး ဟာဂျီ ကျော်သန်း မရှိရင် ကားထုတ်ပြီး မင်းလိုက်ခဲ့ဟု ပြောဆိုနေချိန်တွင် ဟာဂျီ ဦးကျော်သန်း၊ ၅၅ နှစ်၊ (ဘ)ဦးမွတ်တင်၊ မြန်မာ/အစ္စလာမ်၊ “AK STAR” အမဲခြောက်လုပ်ငန်း၊ ကံရွာ၊ အကွက်(၈၆၈) ချမ်းမြသာစည်မြို့နယ်နေသူမှာ ယာဉ်အမှတ် 9H/4532 Delivery မော်တော်ယာဉ်ဖြင့် အလုပ်ရုံအပေါက်ဝသို့ ရောက်ရှိလာသဖြင့် မော်တော်ယာဉ်အား အမည်မသိအမျိုးသား ၃ ဦးထဲမှ တစ်ဦးမှ မောင်းကာ ဟာဂျီကျော်သန်းအား ခေါ်ဆောင်သွားကြောင်း၊ ၎င်းအား ငွေကျပ် သိန်း ၇ ထောင်ဖြင့် လာရောက်ရွေးရန်ပြောဆိုကာ မော်တော်ယာဉ်အား မောင်းထွက်သွားပြီး ၎င်းတို့စီးနင်းလာသော အိုးဝေမှာလည်း ကားနောက်မှ မောင်း ၍လိုက်သွား ကြောင်း သိရသည်။

၂၂-၆-၂၀၂၅ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ဟာဂျီကျော်သန်းနှင့် မော်တော်ယာဉ်အား ငွေသိန်းတစ်ထောင်ကျပ်ဖြင့် လာရောက်ရွေးရန် ဟာဂျီကျော်သန်း ၏ဇနီးဖြစ်သူ ဒေါ်အေးအေးမြင့်ထံ ဖုန်းဆက်အကြောင်းကြားသဖြင့် ဒေါ်အေးအေးမြင့်က ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး ငွေပေးမည်ဟု ပြောဆိုချိန်းဆို၍ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ချိန်းဆိုသည့် နေရာသို့သွားရောက်ခဲ့ရာ စဉ့်ကိုင်မြို့နယ်၊ တဘက်ဆွဲကျေးရွာအနီး မားမားခေါက်ဆွဲစက်ရုံရှေ့တွင် ဟာဂျီကျော်သန်း စီးသည့် 9H/4532 Delivery မော်တော်ယာဉ်အား တွေ့ရှိရပြီး ၎င်းယာဉ်ပေါ်မှ သေနတ်ဖြင့် စတင်ပစ်ခတ်၍ ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ရာ ယာဉ်ပေါ်မှ အောင်မျိုးအေး၊ ၃၆ နှစ်၊ (ဘ)ဦးမျိုးချစ်၊ ဗမာ/ဂေါ်ရခါး၊ အကြော်ဆရာ၊ အောင်သာယာရပ်ကွက်၊ ရွာထောင်ရပ်ကွက်၊စစ်ကိုင်းမြို့နေသူအား ဖမ်းဆီးရမိပြီး အမည်မသိ အမျိုးသား ၂ ဦးမှာ ထွက်ပြေးသွား၍ လိုက်လံရှာဖွေခဲ့ရာ ကားလမ်း၏ ဝဲဘက် ခြုံထဲမှ သေနတ်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရ မိခဲ့ပြီး ဟာဂျီကျော်သန်းအား ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိသူအား ဆက်လက်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN